Home
မြန်မာသတင်း
ပုဂံဘုရားများအနီး စက်ယန္တရားဖြင့် ရေမြောင်းတူးနေမှု ရှေးဟောင်းအမွေအနှစ်များ ထိခိုက်နိုင်
DVB
·
August 23, 2023
Pagan Pogoda Drainage 2308203

မိုးရာသီမှာ ပုဂံရှေးဟောင်းဘုရားဝင်းတွေအတွင်း ရေဝပ်လေ့ရှိတဲ့အတွက် ရှေးဟောင်း သုတေသနဦးစီးဌာနကနေ စက်ယန္တရားတွေ အသုံးပြုပြီး ရေနုတ်မြောင်းတူးဖော်နေတာမှာ ရှေးဟောင်းဘုရားအနီးလုပ်ဆောင်နေတဲ့အတွက် အုတ်ရိုးတချို့ပါ တူးဖော်ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုဂံဟာ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင်ထားတဲ့ နေရာဖြစ်တဲ့အလျောက် စီမံကိန်းတခု လုပ်ဆောင်မယ်ဆိုရင် HIA (Heritage Impact Assessment) လို့ခေါ်တဲ့ အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက်ကို အစိုးရမဟုတ်တဲ့ third party အရပ်ဖက်အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်ပြီး ရရှိလာတဲ့ အစီရင်ခံစာကို ပြည်သူလူထုထံတင်ပြပြီးမှာသာ ဆက်လက်လုပ်ဆောင်သင့်တယ်လို့ အကြံပြုတာတွေလည်း ရှိပါတယ်။

ရေနုတ်မြောင်း တူးဖော်တာမှာတော့ အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက်မရှိဘဲ လုပ်ဆောင်နေတဲ့အပေါ်  ရှေးဟောင်းသုတေသီ ကိုသူရအောင်က  “ရေနုတ်မြောင်းလုပ်တဲ့ ကိစ္စကို ကျနော်တို့ မှားတယ်လို့ မပြောလိုဘူး။ ဒါပေမဲ့ အခုမှားတာက ဘာလဲဆိုတော့ နည်းစနစ် ရှေးဟောင်းသုသေတနကိုယ်တိုင် ရှေးဟောင်းအမွေအနှစ်ရဲ့ တန်ဖိုးကို နားမလည်တာ ရှေးဟောင်းဇုန်အတွင်းထဲ property ပေါ့နော် ရှေးဟောင်းဇုန်အတွင်းဖြစ်တဲ့အပြင်ကို တကယ့် ရှေးဟောင်းဇုန်ရဲ့ ပုဂံနန်းတော် သရပါတံခါး၊ အာနန္ဒာဘုရား၊ ဘူးလယ်သီဘုရား တကယ်ကို ပုဂံမှာ heart land ခေါ်တာပေါ့နော်။ ကျနော်တို့ က heart land ခေါ်တယ် အဲဒီလိုနေရာဖြစ်တဲ့အတွက် မြေတူးစက်တဲ့ တူးတာလုပ်တာမျိုးကို ကျနော်တို့က လုပ်လို့ မရဘူး တကယ်တမ်းက မလုပ်သင့်ဘူးပေါ့။ ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်နိုင်မယ်၊ မထိခိုက်နိုင်ဘူးဆိုတာ သို့လော သို့လော ဖြစ်နေတဲ့အဖြေကို ကျနော်တို့က ရှာဖို့အတွက် HIA လုပ်တာပေါ့။ HIA ရဲ့ သဘောတရားက စီမံကိန်းတစ်ခုလုပ်တော့မယ်ဆို HIA တခုလုပ်ရတယ် ဆိုလိုချင်တာ အခုသူတို့ ရေပေးရေလွှဲစနစ်ကို လေ့လာထားတာသည် HIA မဟုတ်ဘူး။ ဒါကို ရှေးဟောင်းသုတေသနက ဒီစီမံကိန်းကိုကိုင်တွယ်နေတဲ့အရာရှိ ကိုယ်တိုင်က ဒီရဲ့ သဘောတရားကို ကွဲကွဲပြားပြားမသိဘူးပေါ့ ပြောရရင် ပညာရပ်ဆိုင်ရာ ကွန်းဆက်တွေကို မသိဘူး အားနည်းတယ်လို့ သုံးသပ်လို့ရတယ်” လို့ ပြောပါတယ်။

ရှေးဟောင်းနယ်မြေတွေမှာ မြေအောက် ၃ ပေထက်ပို မတူးသင့်ကြောင်းနဲ့ ပုဂံလိုရှေးဟောင်းနယ်မြေမှာ တစ်ပေလောက်တူးရင်ပဲ မြေအောက်မြုပ်နေတဲ့ ရှေးဟောင်း သုတေသန အထောက်အထားတွေရှိနေတဲ့မြေလွှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုလုပ်ဆောင်နေတာ ရှေးဟောင်းသုတေသန ဦးစီးဌာနမှာ တာဝန်ရှိတယ်လို့ ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ကိုဇေမျိုးလင်းကလည်း ပြောပါတယ်။

“ပုဂံက ဘယ်နားတူးတူး သုံးပေကျော်ရင် ရှေးဟောင်းပစ္စည်းက အမြဲတမ်းတွေ့တယ် ရှေးဟောင်းပစ္စည်းဆိုတာက ဥပမာ ဆင်းတုလည်းဖြစ်နိုင်တယ် အဆောက်အဦး အစိတ်အပိုင်းလည်းဖြစ်နိုင်တယ်။ အဲလိုဖြစ်တဲ့အတွက် သုံးပေကျော် တစ်မီတာလောက်က တူးကို မတူးသင့်ဘူး။ အခု သူတို့တူးသွားတဲ့ မီတာ သုံး၊ လေးရာ မှာ ကျနော်တို့ တွေ့ ရတာ ရှိတယ် Plinth လို့ခေါ်တဲ့ ပန္နက်တွေပါသွားတာလည်း တွေ့ရတယ်။ နောက်ပြီး ဘေးနားမှာ standing ဖြစ်နေတဲ့ monument ရှိတာနဲ့ သူ့ဘေးနားမှာ ကပ်ရပ်ရှိခဲ့နိုင်တယ်။ ပြည်သူကို အသိမပေးဘူး။ ကျနော်တို့ကိုလည်း မသိမပေးဘူး။ သူတို့ဟာသူတို့ ရှိတယ်ဆိုပြီး လုပ်သွားတဲ့အတွက် တာဝန်ရှိတာ ဘယ်သူလဲဆိုရင် သူတို့ပဲ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ထားတာ ဖြစ်တဲ့အတွက် ယူနက်စကိုက ပေးထားတဲ့ management guideline ဆိုတာရှိတယ်။ အဲဂိုက်လိုင်းတွေလည်း သူတို့ သိတယ်ဗျ။ ကျနော် သူတို့ မသိဘူးလို့ လုံးဝမထင်ဘူး” လို့ ပြောပါတယ်။

အခုလို ရေနုတ်မြောင်းတွေ တူးတာနဲ့ ပတ်သက်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဉီးစီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ မေးမြန်းလို့ မရသေးပါဘူး။

ဒေသခံတွေအနေနဲ့ကတော့ ယူနက်စကိုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတဲ့အတွက် အခုလို ရေနုတ်မြောင်း လုပ်ဆောင်နေမှုကို ကျေနပ်မှု မရှိဘူးလို့ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော် လောက်ကကတည်းက ပုဂံရှေးဟောင်းနယ်မြေအတွင်း အနော်ရထာလမ်းမကြီးဘေး ရွာဟောင်းကြီးဘုရား အနောက်ဘက်ကနေ အာနန္ဒာဘုရားတောင်ဘက်အထိကို အလုပ်ကြမ်းသမားတွေ အသုံးပြုပြီး ရေနုတ်မြောင်းတွေ တူးဖော်နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013