ပဲခူတိုင်းအတွင်း ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ သြဂုတ် ၁၈ ရက်မနက်က ကုန်ရထားတစီး မိုင်းခွဲခံရလို့ အဲဒီလမ်းပိုင်းခရီးစဥ်တွေ ရပ်ထားရာကနေ ဒီနေ့ပြန်လည်ပြေးဆွဲနေပြီလို့ စစ်ကောင်စီလက်အောက်ရှိ ရထားဝန်ထမ်းအသိုက်အဝန်းက သိရတယ်။
မိုင်းခွဲခံရတဲ့နေရာက ပျက်စီးသွားတဲ့ လမ်းအစိတ်ပိုင်းတွေကို ပြန်လည်ပြုပြင်ပြီးတဲ့နောက် ဒီနေ့ညနေမှာပဲ ရန်ကုန်-မန္တလေးအသွားအပြန်ရထားတွေ ပြန်ပြေးဆွဲတာလို့ မြန်မာ့မီးရထား၊ သွား/လာရေးဌာနမှ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
"ခရီးစဥ်တွေ အကြာကြီးမရပ်ထားရအောင် လုပ်နိုင်ခဲ့တာ။ လျာထားချိန်ထက် ပိုပြီးစီးသွားတာကြောင့်ပါ။"
မူလက မိုင်းခွဲခံရတဲ့နေရာ ပြုပြင်ရမယ့်ကာလ သုံးရက်လောက်ကြာနိုင်ပြီး သြဂုတ် ၂၁ ရက်မှ ရထားတွေပြန်ဆွဲနိုင်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
သြဂုတ် ၁၈ ရက်မနက်ပိုင်းက မန္တလေးကနေ ရန်ကုန်မောင်းလာတဲ့ ကုန်ရထားဟာ ကညွတ်ကွင်းဘူ တာအနီး မိုင်းခွဲခံရတာကြောင့် ကုန်တွဲတချို့ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။
မိုင်းကွဲမှုကြောင့် ရထားခရီးစဥ် နှစ်ရက်ကြာရပ်နားခဲ့ရပြီး အဲဒီမိုင်းခွဲတာကို ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာတော့ ထုတ်ဖော်ပြောထားတာမရှိသေးပါဘူး။
ဒီနေ့မနက်မှာလည်း ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ဒုံးဝန်းဘူတာနဲ့ သိမ်ဆိပ်ဘူတာကြားမှာ ကျောက်တင်ရထားတစီး မိုင်းခွဲတိုက်ခိုက်ခံရလို့ သံလမ်းတပေခန့် ပြတ်တောက်ပျက်စီးခဲ့ပြီး တခြား ထိခိုက်မှုမရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။