မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ ဩဂုတ် ၁၀ ရက် ည ၇ နာရီလောက်က မိုင်တဲတာဝါတိုင် ဖျက်ဆီးခံခဲ့ရတဲ့အတွက် ဩဂုတ် ၁၁ ရက် မနက်ပိုင်းမှာ ကျိုက်ထိုမြို့တွင်းနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ စစ်ကောင်စီက စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
မုက္ခမူကျေးရွာက မိုင်တဲတာဝါတိုင်ကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး တိုင်ရဲ့ အောက်ခြေပိုင်း အနည်းငယ်ပျက်စီးခဲ့ကာ ဘယ်အဖွဲ့အစည်းက ဖောက်ခွဲခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းမှာတော့ ကျိုက်ထိုမြို့က လူစည်ကားတဲ့ နေရာတချို့နဲ့ မုက္ခမူ၊ မလော့ချောင် စတဲ့ကျေးရွာတွေမှာ ခရီးသွားပြည်သူတွေကို စစ်ဆေးနေပါတယ်။
မြို့ခံတယောက်က “ည ၇ နာရီလောက်က ပေါက်ကွဲသံကြားရတာ၊ အိမ်ပါတုန်တယ်။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိပါဘူး။ ဒီမနက်တော့ စစ်သားတွေက တနေရာ အင်အား ၂၀ လောက်နဲ့ ဆိုင်ကယ်တွေ ကားတွေ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာ ၂၉ ရက်ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။