Home
မြန်မာသတင်း
ဆယ်တန်းကျပြီး ၁၂ တန်း ပြန်ဖြေချင်သည့် ကျောင်းသားများ ဘာသာတွဲပြောင်းမရသဖြင့် အသနားခံစာတင်ရ 
DVB
·
August 10, 2023
Students


အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုပြီး ကျရှုံးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေထဲက ၁၂ တန်း ပညာရေးစနစ်သစ်ကို ပြင်ပကနေ ဖြေဆိုဖို့အတွက် ဘာသာတွဲပြောင်းခွင့် လျှောက်ထားတာ မရလို့ ပညာရေးဌာနကို အသနားခံစာတွေ တင်နေရတယ်လို့ ပညာရေး အသိုက်အဝန်းကနေ သိရပါတယ်။

စနစ်ဟောင်း Grade 10 အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေရသေးတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ စနစ်ဟောင်း Grade 11 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီး ကျရှုံးသူတွေအနေနဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ ကျင်းပမယ့် စနစ်သစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပကနေ ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံပညာရေးဌာနက  ကြေညာခဲ့ပါတယ်။

အဆိုပါစနစ်သစ် ၁၂ တန်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံး ကျောင်းသား ကျောင်းသူတွေနဲ့ မဖြေရသေးတဲ့ ကျောင်းသား ကျောင်းသူတွေက ဘာသာတွဲပြောင်းပြီး ဝင်ရောက်ဖြေဆိုလိုပေမဲ့ စစ်ကောင်စီပညာရေးဌာနက ဘာသာတွဲပြောင်းခွင့်မပေးတာကြောင့် ကျောင်းသား ကျောင်းသူတွေဟာ အသနားခံစာတင်နေရတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

သာကေတမြို့နယ်နေ ကျောင်းသားတဦးက “ကျနော် ဖြေတာ ၅ နှစ်ရှိပြီ။ ဒီနှစ်လည်း ဝင်ဖြေတယ်။ ကျတယ်။ ကျနော်က ဘောဂဗေဒဘာသာတွဲ (၁) နဲ့ ဝင်ဖြေတာပါ။ ကျပြီဆိုရင် ရူပနဲ့ ဓာတုဗေဒဘာသာရပ်တွေပဲ ကျတာ။ စနစ်သစ်စာမေးပွဲမှာလည်း ထပ်ပြီး ကြိုးစားချင်သေးတာကြောင့် ဝိဇ္ဇာတွဲကို ပြောင်းချင်ပေမဲ့ ပညာရေးဌာနက ပြောင်းလို့ မရဘူး ပြောတော့ အသနားခံစာ တင်ထားရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီပညာရေးဌာနက Grade-10 စတင်တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို သြဂုတ်လကုန်ထိ ဘာသာတွဲပြောင်းလဲခွင့် (၁) ကြိမ်သာပေးထားပြီး Grade 11 နဲ့ Grade 12 တို့မှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို ဘာသာတွဲပြောင်းခွင့် လုံးဝမပေးဖို့ ကန့်သတ်ထားပါတယ်။

ပညာရေးဌာနက အရာရှိတဦးက “ဒီလိုမပေးရတာကလည်း ဘောဂတွဲနဲ့ ဖြေဆိုခဲ့သူတဦးက နောက်နှစ်မှာ ဝိဇ္ဇာတွဲကို ပြန်ပြောင်းဖို့ စနစ်ဟောင်းမှာ အဆင်ပြေပေမဲ့ စနစ်သစ်မှာ အဲဒီလိုပြောင်းရင် ကျောင်းသားပဲနစ်နာမယ်။ အခုသင်ရိုးသစ်တွေက ငါတော့ ဘောဂမှာ ဖြေဖို့ အဆင်မပြေဘူး၊ ဝိဇ္ဇာဆင်းဖြေမယ်မရတော့ဘူး။ ဝိဇ္ဇာလည်း သူ့သင်ရိုးအလျောက် အဆင့်တခုမှာ ရှိနေတယ်။ အဲဒီအခါကျရင် ဘာသာတွဲပြောင်းလိုက်တဲ့ ကျောင်းသားက ငါမှားပြီဆိုတာမျိုး ဖြစ်သွားလိမ့်မယ်”လို့ ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ မဖြေဆိုလိုက်ရတဲ့ ကျောင်းသားတွေဟာ မိမိအစီအစဥ်နဲ့ ပြင်ပမှာလေ့လာပြီး ၁၂ တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။

အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိမယ်ဆိုရင် သတ်မှတ်ထားတဲ့ ကောလိပ်၊ သိပ္ပံတွေကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး စာမေးပွဲအောင်မြင်သူတွေကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ဆက်လက်ဖြေဆိုရမှာဖြစ်ပါတယ်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူ ၁ သိန်းကျော် အောင်မြင်ထားပြီး ၅၀၀၀၀ ကျော် ကျရှုံးထားပါတယ်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက် စာမေးပွဲမဖြေဘဲ နေနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024