ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အောက်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး လူသတ်တာနဲ့ လူနေအိမ်တွေကို မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အောက်ကြာအင်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား သြဂုတ် ၈ ရက် မနေ့ ညနေပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး သေဆုံးဒဏ်ရာရတာတွေ အများအပြားရှိခဲ့ကာ အတိအကျကိုတော့ မသိရသေးဘူးလို့ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
''ဘယ်လောက် ထိခိုက်သေဆုံးလဲ ဆိုတာကိုတော့ မြေပြင်ကလူတွေကို မေးနေတုန်းပဲ။ အတိအကျမ သိရသေးဘူး''
အဆိုပါတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၉ ရက် ဒီနေ့ မနက်မှာ အောက်ကြာအင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေသလို ရွာမှာကျန်ရှိနေသူတွေကိုလည်း သတ်ဖြတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးသွားတယ်လို့ ကနဦးသိရှိရပြီး အသေးစိတ်သိရဖို့ ဆက်လက်စုံစမ်းနေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက အနီးနားဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်နေတာကြောင့် အောက်ကြာအင်းအပါအဝင် အနီးနားက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်သူတွေကိုလည်း ကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ မီးရှို့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။