ခေတ်အဆက်ဆက် ဆင်နွှဲနေခဲ့ကြတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း လူထုတော်လှန်ရေးကြီးကို နွေဦးတော်လှန်ရေးနဲ့ အပြီးသတ်အောင်မြင်စေမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ကတိပေးပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားကြဖို့ CRPH က ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် သဝဏ်လွှာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ မတရား ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေကို ညီညွတ်တဲ့ ကျောင်းသားလူထုလှုပ်ရှားမှုကြီးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မော်ကွန်းတွင်တဲ့ ဒီမိုကရေစီလူထုလှုပ်ရှားမှုအရေးတော်ပုံကြီးအဖြစ် ဒီနေ့အထိ ထင်ကျန်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဆိုပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကစတင်ခဲ့တဲ့ စစ်အာဏာရှင်တွေကျဆုံးပြီး ဒီမိုကရေစီ ရှင်သန်ရေးရည်မှန်းချက်ကို အခုနွေဦးတော်လှန်ရေးကနေ အောင်မြင်အောင်လုပ်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွားကြဖို့လည်း CRPH က ထပ်ပြီး တိုက်တွန်း လိုက်ပါတယ်။
၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်အုပ်စုတွေရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြားက အသက်ကိုပဓာနမထားဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ စွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေရဲ့ ရဲစွမ်းသတ္တိကို အနာဂတ်မျိုးဆက်သစ်တွေက သမိုင်းတခေတ်ရဲ့ စံနမူနာအဖြစ် ဂုဏ်ယူနေကြရတာကို ဒီနေ့ထိ တွေ့နေရတယ်လို့လည်း ဆိုပါတယ်။
ခေတ်အဆက်ဆက်နဲ့ ရှစ်လေးလုံးအရေးတော်ပုံမှာ အသက်ပေးဆပ်ခဲ့ကြတဲ့ ရဟန်းသံဃာတွေ၊ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေနဲ့တကွ နွေဦးတော်လှန်ရေးရဲ့ အာဇာနည်သူရဲကောင်း အပေါင်းကိုလည်း ဒီသဝဏ်လွှာအားဖြင့် ဝမ်းနည်းကြေကွဲစွာ ဦးညွှတ်အလေးပြုတယ်လို့လည်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း စစ်အုပ်စုဟာ စစ်သုံးစစ် အုတ်မြစ်ချရေး ရည်မှန်းချက်နဲ့လမ်းစဉ်ကိုသုံးပြီး ပြည်သူလူထုကို အမျိုးမျိုး လှည့်ဖျား ကျွန်ပြုနေတာကို တွေ့ရမှာဖြစ်ပြီး အဖိနှိပ်ခံ ပြည်သူတရပ်လုံးကလည်း ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို မျိုးဆက်ပေါင်းများစွာ ပုခုံးလွှဲ လက်ဆင့်ကမ်းပြီး အသက်သွေးချွေးတွေ ပေးဆပ်ရင်းနှီးဆက်လက်ချီတက်နေတာ တွေ့ရမယ်လို့ ဆိုပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံဟာ နွေဦးတော်လှန်ရေးရဲ့မျိုးစေ့ဖြစ်ပြီး နွေဦးတော် လှန်ရေးဟာ ရှစ်လေးလုံးလူထုအရေးတော်ပုံရဲ့ အသီးအပွင့်ဖြစ်သလို ခေတ်အဆက်ဆက် ဆင်နွှဲနေခဲ့ကြတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း လူထုတော်လှန်ရေးကြီးကို နွေဦးတော်လှန်ရေးနဲ့ အရေးတော်ပုံ အပြီးသတ်အောင်မြင်ပြီးဆုံးနိုင်စေဖို့ ထမ်းရွက်သွားမယ်လို့ ကတိထားပါတယ်။