Home
မြန်မာသတင်း
ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် မြို့နယ်ပကဖမှ နုတ်ထွက်
DVB
·
August 6, 2023
365690305_1316700242555836_4913345354526992567_n

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ရေဖြူမြို့နယ် ပကဖအဖွဲ့ဝင် တပ်ဖွဲ့အဖြစ်က နုတ်ထွက်လိုက်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့အဖြစ် ရပ်တည်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ မြေပြင်မှာလက်တွေ့ကျကျ အလုပ်လုပ်နိုင်တဲ့ အဖွဲ့စည်းတွေ ဦးဆောင်သူတွေနဲ့ ဆက်လက်ရပ်တည်ပြီး စစ်ရေးကိုအရှိန်ဟုန်မြင့် ဖော်ဆောင်နိုင်ဖို့နဲ့ ပြည်သူတွေကိုမျက်နှာမူတဲ့ လွတ်လပ်တဲ့အဖွဲ့စည်းအဖြစ်ရပ်တည်နိုင်ဖို့ နုတ်ထွက် လိုက်တာပါ" လို့ ဒီဗွီဘီ ကို ပြောပါတယ်။

ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ဒေသကာကွယ်ရေးတပ်အဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပကဖ အဖွဲ့ဝင် တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်တာကတော့ တနှစ်ကျော်ပြီလို့ သိရပါတယ်။

ပကဖအဖွဲ့ဝင်အဖြစ်က နုတ်ထွက်လိုက်ပေမဲ့ မဟာမိတ်တည်ဆောက်မှု အခြေအနေနဲ့ ပတ်သက်ပြီး "စစ်ရေးရည်မှန်းချက်တူညီပြီး စည်းစနစ်ကျတဲ့ မဟာမိတ် အဖွဲ့စည်းအားလုံးနဲ့ ဆက်လက်လက်တွဲလုပ်ဆောင်သွားဖို့ရှိပါတယ်" လို့ ကံ​ပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ဇူလိုင်လတုန်းက ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ထားဝယ်ခရိုင်တပ်ရင်း ၂ ဒေါနစစ်ကြောင်းနဲ့အတူ မွန်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး မွန်-တနင်္သာရီ ပူးပေါင်းစစ်ဆင်ရေးမှာ နှစ်ကြိမ်ပါဝင်ခဲ့ပြီး ပကဖ အဖွဲ့၊ မဟာမိတ်အဖွဲ့တွေနဲ့  အမှတ် ၈ ပြည်ထောင်စုကားလမ်းမပေါ် စစ်ဆေးရေးမှာလည်း ပါဝင်ခဲ့ပါတယ်။

အခုလို ပကဖအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားတာနဲ့ပတ်သက်ပြီး ရေဖြူပကဖ အဖွဲ့ရဲ့ သဘောထားမှတ်ချက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လတ်တလော ဖြေကြားဖို့မရှိသေးဘူးလို့ အကြောင်းပြန်ပါတယ်။

ရေဖြူ ပကဖ အဖွဲ့ဟာ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲမှုအောက်မှာရှိပြီး ဇင်ယော်တပ်စု၊ ဝေဟင်တပ်စုနဲ့ ဝေဟင်ဆေးတပ်ဖွဲ့တို့ ပါဝင် ဖွဲ့စည်းထားပြီး ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တို့မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ရေဖြူမြို့နယ်ထဲမှာ ပကဖအဖွဲ့ဝင်မဟုတ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ထက် မနည်း ရှိပြီး စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013