Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ (၁) နယ်မြေတွင် စစ်တပ်က  ဖြတ်လေးဖြတ်လုပ်နေ
DVB
·
August 4, 2023
KNU Region 1
KNU-Region-1
DestoryBySAC-Map

လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် သတင်းဌာနများက ဖော်ပြခဲ့သည့် သတင်းအချက်အလက်များကို စုစည်းထားချက်အရ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိ  အနည်းဆုံး လမ်းပိုင်း ၂၄  ခုထက်မနည်းကို စစ်ကောင်စီဘက်က ဖျက်ဆီးခဲ့သည်။

လမ်းများဖျက်ဆီးခံရမှုသည် မွန်ပြည်နယ်တွင် အများဆုံးဖြစ်ပြီး ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့ရှိ လမ်းများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေအရ တပ်မဟာ (၁) နယ်မြေများဖြစ်သည်။ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် မေလတစ်လအတွင်းမှာပင် ရွာချင်းဆက်လမ်း ၆ ခုကို ဖျက်ဆီးခံခဲ့ရပြီး အများဆုံး ဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ဖြတ်လေးဖြတ်ကို ကျင့်သုံးနေသည်။ ဖြတ်လေးဖြတ်ဆိုသည်မှာ ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား တစ်ဖက်အဖွဲ့သို့ မရောက်ရှိစေရန် ရည်ရွယ်သည့် ဗျူဟာဖြစ်ပြီး ထိုနည်းလမ်းဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို စစ်အစိုးရ အဆက်ဆက်က နှိပ်ကွပ်ခဲ့သည်။

တိုက်ပွဲများ ပြင်းထန်နေသည့် မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်ရေးအရ လမ်းတံတားများ ဖျက်ဆီးခြင်းကို စစ်ကောင်စီရော တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါ လုပ်ဆောင်နေသည်။

ဆယ်စုနှစ်ခုနှစ်ခုကျော် သက်တမ်းရှိပြီး မြန်မာပြည်တောင်ပိုင်းမှာ အခြေစိုက်သော အင်အားကောင်းသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) သည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

ကေအန်ယူ၏ ထုတ်ပြန်ချက်အများအရ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၂၉ လအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်းအကြိမ်ရေ (၁၀,၀၀၀) ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်ပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့သည်။

စစ်ကောင်စီသည် လမ်းများကို ဖျက်ဆီးရာ၌ မြေတူးစက်ကို အသုံးပြုပြီး မြောင်းသဖွယ် လမ်းပိုင်းများကို ဖြတ်တောက်လိုက်ပြီး လူအပါအဝင် ယာဥ်များသွားလာရခက်ခဲအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013