Home
မြန်မာသတင်း
အလုပ်သမားရေးလှုပ်ရှားသူ ကိုသက်နှင်းအောင် ပြန်မလွတ်သေးသဖြင့် မိသားစုစိုးရိမ်
DVB
·
August 3, 2023
Ko Thet Hnin Aung_Labor_03082023
Ko Thet Hnin Aung_Labor_03082023

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ဟာ လွတ်ရက်စေ့ပြီး တလကျော်တဲ့အထိ ပြန်လွတ်မလာသလို မိသားစုနဲ့ အဆက်အသွယ်ပြတ်နေဆဲ ဖြစ်တယ်လို့ သူ့မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ သထုံမြို့ စျေးမသွယ်ထောင်မှာ ထောင် ၂ နှစ် ချမှတ်ခံထားရတဲ့ ကိုသက်နှင်းအောင်ဟာ ဇွန်လကုန်ပိုင်းက လွတ်ရက်စေ့ခဲ့တာဖြစ်ပြီး မိသားစုက သွားကြိုခဲ့ပေမဲ့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သြဂုတ် ၂ ရက်က အကျဥ်းသား ၇,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာလည်း ပါလာမလား စောင့်နေခဲ့ပေမဲ့ ပြန်လွတ်မလာဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“လွတ်ရက်စေ့တဲ့နေ့ကတည်းက လွတ်မလိုနဲ့ ပြန်ခေါ်သွားတယ်လို့လည်း သိရတယ်။ ဘယ်သူတွေက ဘယ်ခေါ်သွားတာလဲ မသိရဘူး။ အခုလည်း ပါမလာတော့ အားလုံးက စိုးရိမ်နေကြတယ်။”

ကိုသက်နှင်းအောင်ဟာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး အလုပ်သမားအရေး လှုပ်ရှားမှုမှာ ထင်ရှားသူတဦး ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက MICS-TUsF ရုံးခန်းကို ဝင်ရောက်စီးနင်းတာတွေ လုပ်လို့ လုံခြုံရေးအရ တိမ်းရှောင်နေစဥ် ၂၀၂၁ ဇွန်လက ဖမ်းဆီးခံရပြီး ပုဒ်မ ၁၇(၁) နဲ့ ထောင်ချခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တခြားပုဒ်မတပ်ခံရတယ်လို့ မကြားရသလို ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းမရသေးဘူးလို့ သူနဲ့နီးစပ်သူတွေက ဆိုပါတယ်။

အခုလို ကိုသက်နှင်းအောင်ကို ထောင်လွတ်ရက်စေ့ပြီးချိန်အထိ ပြန်မလွှတ်သေးတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကလည်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013