Home
ဆောင်းပါး
ပြည်သူ့ရင်ခွင် ဘာကြောင့် အဝင်နည်းနေတာလဲ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
July 29, 2023
PeopleSoldier_29072023

ဇွန် ၃၀ ရက်က သတင်းတပုဒ် ဖတ်လိုက်ရတယ်။ ဒီနှစ်ထဲမှာ  မြိုင်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင်ဝင် စစ်သားနဲ့ ရဲ နည်းသွားတယ်ဆိုတဲ့သတင်း။

ဇွန် ၃၀ ရက်နေ့ဆိုတော့ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ၆ လတင်းတင်း ပြည့်တဲ့နေ့။ ၂၀၂၂ ခုနှစ်တုန်းက မြိုင်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင်ဝင် စစ်သားနဲ့ ရဲ အယောက် ၂၀ ကျော်ရှိခဲ့ပြီး ဒီနှစ်ရဲ့ ပထမ ၆ လမှာတော့ ၄ ဦးသာ ရှိပါသတဲ့။ ဖြေကြားသူက မြိုင်ပကဖ တာဝန်ရှိသူတဦးဆိုတော့ မြိုင်တမြို့ နယ်လုံးကို လွှမ်းခြုံပြောနိုင်တဲ့သဘော။

၂၀၂၂ ခုနှစ် ပြည်သူ့ရင်ခွင်ဝင်သူထက်စာရင် သိသိသာသာ လျော့ကျသွားတာ သေချာတယ်။ အဲဒီသတင်းထဲမှာ အငြိမ်းစားတပ်အရာရှိကြီးတဦးကလည်း ပြည်သူ့ရင်ခွင်ဝင်ရောက်သူ အရေအတွက်ဟာ မြိုင်မြို့နယ်မှ မဟုတ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျဆင်းသွားတယ်လို့ ထင်ကြောင်း ပြောထားတယ်။

ဒီနှစ်ထဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့ရင်ခွင်ဝင် စစ်သားနဲ့ ရဲတွေ ကျဆင်းသွားတာက သတင်းနဲ့ အကျွမ်းတဝင်ရှိသူတိုင်း အလွယ်တကူ ကောက်ချက်ချနိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၃ ခုနှစ် သတင်းတွေထဲမှာ ပြည်သူ့ရင်ခွင်ဝင်သတင်းက သိသိသာသာ နည်းသွားတာကြောင့်ပါပဲ။ ဘယ်လောက်ထိ နည်းသွားတာလဲလို့ မေးရင်တော့ ကိန်းဂဏန်း တိတိကျကျ မဖြေနိုင်။ ဘာကြောင့်လဲဆိုတော့ NUG အစိုးရကလည်း ပြည်သူ့ရင်ခွင်ဝင် စစ်သားနဲ့ ရဲစာရင်းကို တလ တကြိမ်၊ သို့မဟုတ် သုံး၊ လေးလ တကြိမ် ထုတ်ပြန်ခြင်းမရှိသလို ပြည်သူ့ရင်ခွင်အဖွဲ့တွေကလည်း ထုတ်ပြန်ခြင်း မရှိတာကြောင့်ပါပဲ။

ဘာကြောင့် ပြည်သူ့ရင်ခွင်ဝင် စစ်သားနဲ့ ရဲ သိသိသာသာ ကျဆင်းသွားပါသလဲ။ စစ်သားနဲ့ ရဲတွေ ပြည်သူ့ရင်ခွင် ဝင်ရောက်ခြင်းဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ အချက်အလက်တခုမို့ ဒီမေးခွန်းရဲ့ အဖြေကို ရှုထောင့်စုံကနေ စုစည်းမို့ သိပ်အရေးကြီးလှပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အဖြေရှာခြင်းမျိုး NUG အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြုလုပ်ကြတာ မတွေ့ရပါဘူး။

ပြီးစလွယ်ပဲ တပ်ထဲကနေ ထွက်ရခက်လာတာကြောင့် ပြည်သူ့ရင်ခွင်ဝင် စစ်သားနဲ့ ရဲ နည်းသွားတာလို့ ဖြေနေကြတာ တွေ့ရပါတယ်။ အထက်ကပြောခဲ့တဲ့သတင်းထဲမှာ မြိုင်ပကဖ တာဝန်ရှိသူက မြိုင်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင်ဝင်သူ နည်းသွားတာဟာ တပ်ထဲမှာ မိသားစုဝင်တွေရဲ့ အခက်အခဲတွေကြောင့်လို့ ပြောသွားပါတယ်။

အငြိမ်းစားတပ်အရာရှိကြီးကတော့ “တပ်ထဲကနေ ထွက်ရခက်သွားတာလည်း ပါမယ်။ တခြားအကြောင်းတွေလည်း ရှိနိုင်ပါတယ်။ NUG နဲ့ တပ် CDM တွေ ကိုင်တဲ့လူတွေ သေချာ ပြန်သုံးသပ်သင့်တယ်။ အားနည်းချက်တွေ ဘာရှိလဲ။ ကိုယ့်ပေါင်ကိုယ် အားမနာတမ်း ထောင်းပြီး မြန်မြန်ပြင်ဆင်သင့်တယ်” လို့ ပြောသွားတာ သိပ်ကောင်းလှပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် ပထမ ၆ လကုန်ခါနီးမှာ စစ်သားတွေ ပြည်သူ့ရင်ခွင် ဝင်ရောက်မှု အခြေအနေဟာ ပြန်လှုပ်လာတာ တွေ့ခဲ့ရပါတယ်။ ဇွန်လ ၂၃ ရက်မှာ ကရင်နီပြည်နယ်၊ မယ်စဲ့မှာ အစုလိုက်အပြုံလိုက် ပြည်သူ့ရင်ခွင်ဝင်တဲ့ သတင်း။ မယ်စဲ့မြို့ ဗျူဟာကုန်းက စစ်သား ၁၈ ဦး လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ဝင်လာကြောင်း သတင်းဌာနတိုင်းက ဖော်ပြခဲ့ကြတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတဦးက အဲဒီစစ်သား ၁၈ ဦးဟာ ပြည်သူ့ရင်ခွင်ဝင်မယ်လို့ တရက် ကြိုတင်အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ထိတိုင် အတည်ပြုလို့မရသေးတဲ့ နောက်ထပ်သတင်းတွေကလည်း ရှိသေးတယ်။ ဇွန်လ ၃၀ ရက်နေ့၊ Freedom Kanbauk သတင်း။ Freedom Kanbauk ဆိုတာက တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင်း သတင်းတွေကို အဓိကဖော်ပြနေတဲ့ တော်လှန်ရေးစာမျက်နှာ။

ဇွန်လ ၂၇ ရက်မှာ ကံပေါက်ဒေသ၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်က အရာရှိ၊ တခြားအဆင့်နဲ့ စစ်သား စုစုပေါင်း ၁၂ ဦး လက်နက်နဲ့အတူ ထွက်ပြေးသွားသတဲ့။ ပြီးတော့ ဇွန် ၃ ရက်နေ့မှာလည်း မောရဝတီရေတပ် စခန်းဌာနချုပ်ကပဲ အရာရှိ၊ အခြားအဆင့်နဲ့ စစ်သား စုစုပေါင်း ၂၇ ဦး လက်နက်အပြည့်အစုံနဲ့ ထပ်မံထွက်ပြေးကြပြန်သတဲ့။ ဆက်လက်ပြီး အဲဒီထွက်ပြေးသွားတဲ့ စစ်သားတွေကို စစ်ကြောင်းထိုးရှာနေတဲ့ စစ်သားတွေထဲက ၃ ဦး ထပ်ပြေးသွားပြန်သတဲ့။

Freedom Kanbauk ရဲ့ ဆက်တိုက်ထုတ်ပြန်နေတဲ့ သတင်းတွေအရဆို ၉ ရက်အတွင်း လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတဲ့ စစ်သားက စုစုပေါင်း ၄၂ ဦး။ အဲဒီသတင်းသာ မှန်ခဲ့ရင် မအောင်မြင်တဲ့ အာဏာသိမ်းကာလအတွင်း လက်နက်အပြည့်အစုံနဲ့ အစုလိုက် အပြုံလိုက် ပြည်သူ့ရင်ခွင်ဝင်ရောက်မှု အများဆုံး။ ပြဿနာက ဒီနေ့ထိတိုင် တနင်္သာရီတိုင်း အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေက ရေတပ်သားတွေ ပြည်သူ့ရင်ခွင် ဝင်ရောက်လာကြောင်း ထုတ်ပြန်ခြင်း မရှိတာကြောင့် အတည်ပြုလို့မရသေးတဲ့ သတင်းအဖြစ် ခဏဖယ်ထားရပါမယ်။

ဘာလိုပဲဖြစ်ဖြစ် ၂၀၂၃ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံတဝန်း တိုက်ပွဲခေါ်သံတွေ ပိုမိုကျယ်လောင်ခဲ့သလို များစွာသောတိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်လံကိုသာ တွေ့ခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ မင်းအောင်လှိုင်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ခြင်းဒဏ်ကို ပြည်သူတွေ လိမ့်နေအောင် ခံနေရပေမဲ့ ဒေသခံ PDF တွေရဲ့ မိုင်းဆွဲပစ်ခတ်ခြင်းအောက်မှာ မင်းအောင်လှိုင်တပ်သားတွေ အရူးမီးဝိုင်း အသက်ပျောက်ခဲ့တာ အသေအချာပါပဲ။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမှတ် ၁ စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၇၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၄၁၇ ဦး သေဆုံးကာ ၅၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင်လည်း ၂၀၂၃ ခုနှစ် ၆ လတာအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့သလို မင်းအောင်လှိုင်တပ်က အထိနာခဲ့တာလည်း အားလုံး မျက်မြင်ပါပဲ။

အခု ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယ ၆ လကို ရောက်လာတဲ့အချိန်မှာလည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာသလို တခြားဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါပဲ။ တိုက်ပွဲတွေ စိတ်မယ်၊ တိုက်ပွဲတွေ ပြင်းမယ်၊ တိုက်ပွဲမှာ အထိနာမယ်ဆိုရင် သီအိုရီအရ ဘက်ပြောင်းစစ်သား များလာရမှာဖြစ်ပေမဲ့ သိပ်မတွေ့ရပါဘူး။ အထူးသဖြင့် ၂၀၂၂ ခုနှစ်တုန်းက ပြည်သူ့ရင်ခွင် အဝင်များခဲ့တဲ့ ကရင်ပြည်နယ်မှာ အလင်းဝင်စစ်သားတွေ တော်တော့်ကို ပါးရှားလာတာ တွေ့ရပါတယ်။

အရင်က မကြာခဏဆိုသလို ကြားခဲ့ဖူးတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့လို CDM စစ်သားနဲ့ ရဲ အရေး ဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေရဲ့ အသံပျောက်ဆုံးနေတာလည်း တော်တော်ကြာလှပါပြီ။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ရင်ခွင် ဝင်ရေးကိစ္စ ဘယ်သူကိုင်တွယ်နေသလဲလို့ မေးခွန်းထုတ်ရလောက်အောင် ပျောက်ဆုံးနေသလို ပြည်သူ့ရင်ခွင်ဝင်လာကြဖို့ ဝါဒဖြန့်ချိတာ ဘာမှ ရေရေရာရာ မတွေ့ရပါဘူး။

ပြည်သူ့ရင်ခွင်ဝင်လာရင် ကြိုလိုက်မယ်၊ သေနတ်ပါလာရင် ဆုငွေချီးမြှင့်လိုက်မယ်ဆိုတာ ပိုက်ဆံရှိရင် လူတိုင်းလုပ်တတ်တဲ့ကိစ္စဖြစ်ပြီး ပြည်သူ့ရင်ခွင်ဝင်လာအောင် ဘယ်လို စည်းရုံးမလဲ ဆိုတာ လူတိုင်း မလုပ်တတ်တဲ့ နိုင်ငံရေးအသိရှိမှုနဲ့ ဆိုင်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ပြည်သူ့ရင်ခွင် အဝင်နည်းရခြင်းအကြောင်းက ဘာပါလဲ။ ပြည်သူ့ရင်ခွင်လို ပြည်သူ့ပန်းတိုင်တို့လို CDM အဖွဲ့တွေလောက်နဲ့ တွေ့ဆုံအဖြေရှာရုံနဲ့ မလုံလောက်ပါဘူး။ NUG အစိုးရနဲ့ လုပ်ငန်းနဲ့ အကျိုးစီးပွား ဆက်စပ်မှုရှိမနေတဲ့ CDM စစ်သား၊ ရဲတို့နဲ့ ဆွေးနွေးအဖြေရှာဖို့ လိုသလို အဲဒီ CDM တွေကို ဘာအကျိုးစီးပွားမှမပါဘဲ အကူအညီပေးနေသူတွေနဲ့လည်း ဆွေးနွေးဖို့ လိုပါမယ်။

လက်ရှိ မင်းအောင်လှိုင် တပ်ထဲမှာ ရှိနေတဲ့ စစ်သားနဲ့ ရဲတွေဟာ သူတို့ ပြည်သူ့ရင်ခွင်ဝင်ရင် တော်လှန်ရေးအင်အားစုတွေက အန္တရာယ်မပြုဘူးဆိုတာ ယုံသလို သေနတ်ပါလာရင် ဆုငွေ အမှန်အကန် ချီးမြှင့်တယ်ဆိုတာလည်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ သူတို့စိတ်ထဲ နည်းနည်းထင့်နေတာက CDM လုပ်ပြီး နောက်ပိုင်းကာလ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲဆိုတဲ့ သူတို့ရဲ့ ဘဝသစ်အစ ဘယ်သူတွေက တာဝန်ယူ ကူပေးမလဲ ဆိုတာပါပဲ။ ဒါကြောင့် အဲဒီအချက်အပေါ် အလေးအနက်ပြုဖို့ လိုပါမယ်။

ပြည်သူ့ရင်ခွင် အဝင်များလာတာဟာ မင်းအောင်လှိုင်တပ် ပြိုလဲရေးအတွက် အရေးပါတဲ့ လမ်းတသွယ် ဖြစ်ပါတယ်။ ဒါကြောင့် CDM လုပ်လိုသူ စစ်သားနဲ့ ရဲတို့ရဲ့ ပြည်သူ့ရင်ခွင်  ဝင်လာရေး အခက်အခဲနဲ့ ကိုယ့်ဘက်က အားနည်းချက်ကို နက်နက်နဲနဲ အဖြေရှာကြဖို့ လိုပါမယ်။ လုံလောက်တဲ့ ဘတ်ဂျက်ရှိဖို့ လိုပါမယ်။ အခုလို တိုက်ပွဲအရှိန်မြင့်လာတဲ့အချိန်မှာ ပြည်သူ့ရင်ခွင်ဝင်ရေးကို အားထည့် လုပ်ဆောင်ကြဖို့လိုပြီ ဖြစ်ပါတယ်။

ထွန်းလင်း (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013