Home
မြန်မာသတင်း
စစ်ခေါင်းဆောင်တည်ထားသည့် မာရဝီဇယထိုင်တော်မူဘုရားကို သြဂုတ် ၁ ရက်ထီးတော်တင်မည်
DVB
·
July 21, 2023
MAH (july 21 2023)

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် သဲဖြူကျေးရွာအနီး သဲဖြူကုန်းမှာတည်ထားပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးနဲ့ အလေးချိန် အများဆုံး ဖြစ်လာမယ်ဆိုတဲ့ မာရဝီဇယဗုဒ္ဓရုပ်ပွား တော်ကို ဗုဒ္ဓါဘိသေကအနေကဇာတင်လှုတာ၊ ကျောက် စာရုံစေတီတော်တွေ ထီးတော်တင်တာတွေကို သြဂုတ် ၁ ရက် ပြုလုပ်မှာပါ။ 

ဒီမာရဝီဇယရုပ်ပွားတော်ကြီးကို ထေရဝါဒဗုဒ္ဓသာသနာခိုင်မာထွန်းလင်းစေဖို့၊ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓသာသာကိုးကွယ် မှုရဲ့ ဗဟိုချက်ဖြစ်လာစေဖို့၊ နိုင်ငံတော် သာယာ၀ပြောစေဖို့နဲ့ ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက် လေးရပ်နဲ့ တည်ဆောက်ခဲ့တာလို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဘုရားနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ဒီစေတီတော်ကြီးကို တည်ဆောက်တဲ့အခါမှာ အလေးထားဆောင်ရွက်ခဲ့တဲ့ အချက်အလက်တွေရှိပါတယ်။ အရေးအကြီးဆုံးကတော့ ဦးဆောင်ဘုရားဒကာဖြစ်တဲ့ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲဖြစ်ပါတယ်။ အကြီးမားဆုံး သယ်ယူပို့ဆောင်မှု၊ အကြီးမားဆုံးတည်ဆောက်မှုဖြစ်ပါတယ်။ ပထမဦးဆုံး အတွေ့အကြုံလည်းဖြစ်ပါတယ်။”

ဒီဘုရားကြီးဆောက်လုပ်တာဟာ နိုင်ငံတော်စီမံကိန်းမဟုတ်ဘဲ စကျင်ကျောက်စတင်တွေ့ရှိတဲ့ Anglo Mining ကုမ္ပဏီကနေ ရွှေဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ပြီး ရွှေဖောင်ဒေးရှင်းကနေ ၂၀၁၇ ခုနှစ်မှာ တပ်မတော်ကို တာ၀န်ယူပေးဖို့ အပ်နှံခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “နိုင်ငံတော်စီမံကိန်းမဟုတ်ပါဘူး။ ကျနော်တို့ တပ်မတော်အနေနဲ့ အရင်ကတည်းကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါ ဦးဆောင်ဘုရားဒကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စီမံမှုနဲ့ မြန်မာပြည်သူတွေ၊ ရဟန်းရှင်လူ ပြည်သူတွေ၊ အဖွဲ့အစည်းတွေရဲ့ စုပေါင်းအလှူဖြစ်ပါတယ်။ အလှူရှင်တဦးချင်းရဲ့ ကဗျည်းထိုးထားတယ်၊ အဲဒါကိုကြည့်လိုက်ရင် သိပါတယ်။ နိုင်ငံ တော်စီမံကိန်း ဟုတ် မဟုတ်ဆိုတာ” လို့ ပြောတယ်။

အဆိုပါ မာရဝီဇယ ထိုင်တော်မှုဘုရားကြီးကို သြဂုတ် ၁ ရက်နေ့မှာ ဗုဒ္ဓါဘိသေကအနေကဇာတင်လှုတာ၊ ကျောက်စာရုံ စေတီတော်တွေ ထီးတော်တင်တာတွေကို ကျင်းပပြုလုပ်သွားပြီး သြဂုတ် ၁၆ ရက်နေ့အထိ အခမဲ့၀င်ရောက် ဖူးမြော်ခွင့်ပြု ပြီးနောက်ပိုင်း သင့်တင့်တဲ့ အခကြေးငွေကောက်ခံပြီး ဖူးမြော်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

မာရဝီဇယရုပ်ပွားတော်ကြီးရဲ့ ဉာဏ်တော်အမြင့်မှာ ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေ ရှိပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန်၊ စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးကို ရတနာပုံခေတ် ဘူမိဖဿပုံစံ ထုဆစ်ထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013