Home
နိုင်ငံတကာ
စပိန် နွားရိုင်းလွှတ်ပြေးပွဲတွင် ဒဏ်ရာရရှိသူ ၂၂ ဦးထိမြင့်တက်
DVB
·
July 11, 2023
Spain Bulls run

စပိန်နိုင်ငံ ပမ်ပလိုနာ (Pamplona) မြို့မှာ တပတ်တာကျင်းပနေတဲ့ ဆန်ဖယ်မင်း (San Fermin) နွားရိုင်းလွှတ်ပြေးပွဲရဲ့ စတုတ္ထမြောက်နေ့အဖြစ် ဇူလိုင် ၁၀ ရက်က ဒဏ်ရာရရှိသူပေါင်း ၁၀ ဦးအထိ ရှိတယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က အတည်ပြုပါတယ်။

အန္တရာယ်များပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒီပွဲတော်မှာ ဒဏ်ရာရရှိခဲ့သူတွေထဲက ၆ ဦးကို ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပေမဲ့ တဦးတယောက်မှ နွားရိုင်းဦးချိုနဲ့ မထိုးမိခဲ့ဘူးလို့ သိရပါတယ်။

ဒီပွဲတော်ရဲ့ ပထမနေ့နဲ့ ဒုတိယနေ့တွေမှာ ဒဏ်ရာရရှိသူ ၄ ဦးစီရှိခဲ့ပြီး တတိယနေ့မှာ နောက်ထပ် ၃ ဦးနဲ့ စတုတ္ထနေ့မှာ ၁၀ ဦးအထိ ထိခိုက်မိခဲ့တာကြောင့် လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူ စုစုပေါင်း ၂၂ ဦး ရှိနေပြီဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝန်းက ထောင်နဲ့ချီတဲ့ ခရီးသွားတွေဟာ ဒီလို စိတ်လှုပ်ရှားဖွယ်ရာ နွားရိုင်းလွှတ်ပြေးပွဲကို ကြည့်ရှုနိုင်ဖို့အတွက် လာရောက်ကြလေ့ရှိပါတယ်။

၈၇၅ မီတာအထိ ရှည်လျားတဲ့ ဒီပြေးလမ်းပေါ်မှာ နွားရိုင်းတွေကို လွှတ်ပေးရင်း ဒီပွဲတော်မှာ ပါဝင်သူတွေက ၂ မိနစ်ကနေ ၃ မိနစ်ကြာအောင် ပန်းတိုင်အထိ ပြေးလွှားရတာမျိုးပဲ ဖြစ်ပါတယ်။

ဒီပွဲတော်ကို ဇူလိုင် ၇ ရက်ကနေ ၁၄ ရက်အတွင်း နေ့စဉ် မနက် ၈ နာရီတိုင်းမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်ဟာ အမေရိကန်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး (Ernest Hemingway) က ဒီပွဲတော်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

၁၉၂၆ ခုနှစ်တုန်းက “The Sun Also Rises” လို့ အမည်ရတဲ့ ဟဲမင်းဝေးရဲ့ ဝတ္ထုစာအုပ်ထဲမှာ ဒီပွဲတော်အကြောင်း ထည့်သွင်းရေးသားခဲ့တာကြောင့် ကမ္ဘာတဝန်းမှာ လူသိများလာခဲ့ပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013