၂၀၂၁ ခုနှစ် ဖောဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာလုယူသိမ်းပိုက်လိုက်ချိန်ကစလို့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ ပြဿနာတွေ တိုးတက်များပြားလာနေပါတယ်။ စစ်အာဏာရှင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေရာကနေ လက်နက်ကိုင်တော်လှန်ရေးအထိ ပြောင်းလဲသွားခဲ့ပြီး ပြည်တွင်းစစ်သဖွယ်ဖြစ်လာခဲ့ပါတော့တယ်။
ဒီမိုကရေစီဘက်တော်သားတွေဟာ မြန်မာအာဏာရှင်စစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာတိုက်ခိုက်နေခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်တွေကို တော်လှန်ရင်း ကာလကြာတော်လှန်ရေး ဖြစ်လာခဲ့ပါတယ်။ အနိုင်အရှုံးသဲသဲကွဲကွဲ ထင်ရှားသည်အထိ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲနိုင်မယ့် အလားအလာ နှစ်ဘက်လုံးအတွက် လျော့နည်းလာနေပေမဲ့ နှစ်ဘက်လုံးကတော့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားကြတဲ့ အရိပ်အယောင်ရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားခဲ့ကြတာကိုတွေ့ရပေမဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနိုင်မယ့်သဘောမျိုး မမြင်ရသေးပါဘူး။
မြန်မာ့နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အချိန်အတော်များများမှာ အမေရိကန်နဲ့ တရုတ်တို့က မြန်မာ့အရေးအပေါ် သိပ်ပြီးအရေးတယူ အာရုံစိုက်ခဲ့တာကို မတွေ့ရပါဘူး။ အမေရိကန်နဲ့ အပေါင်းအပါတွေက မြန်မာ့အရေးမှာ ဒီမိုကရေစီဘက်တော်သားတွေဘက်ကနေ ထောက်ခံအားပေးကြောင်း ပြောဆို ထုတ်ပြန်ခဲ့ကြပေမဲ့ လက်တွေ့မှာ ပထဝီဝင်နိုင်ငံရေးကန့်သတ်ချက်တွေအရ စစ်အာဏာရှင်တွေအပေါ် စိတ်ရှိတိုင်းအရေးမယူနိုင်ခဲ့ကြပါဘူး။ တရုတ်ကလည်း စစ်အာဏာရှင်စနစ်အပေါ် ထောက်ခံအားပေးမှုတွေရှိပေမဲ့ အစပိုင်းမှာတော့ စောင့်ကြည့်နေခဲ့ပါသေးတယ်။
အခုချိန်မှာတော့ အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ကြည့်မှုတွေ အဆုံးသတ်သွားခဲ့ပြီလို့ ပြောနိုင်ပါတယ်။ မြန်မာစစ်အာဏာရှင်အပေါ် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ဘက်တော်သားတွေအဖြစ်ထင်မြင်ယူဆထားတဲ့ တရုတ်ဟာ မြန်မာစစ်တပ်အလေးသာရေးအတွက် ပိုမိုဆောင်ရွက်လာခဲ့ပါတော့တယ်။ အကျိုးဆက်အနေနဲ့ ပြင်ပအင်အားကြီးနိုင်ငံတွေဟာ သူ့ထက်ငါ အပြိုင် ဝင်ရောက်စွက်ဖက်လာတာကြောင့် ပြည်တွင်းစစ်အဖြစ်ကနေ စစ်အေးတိုက်ပွဲလို အခြေအနေကို ဦးတည်နေပါတော့တယ်။
အဲဒီအချက်တွေကြောင့် အာဆီယံအတွက် ပိုမိုခက်ခဲတဲ့စိန်ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ အာဆီယံရဲ့ အဓိကမူဝါဒတွေထဲက တစ်ခုဟာ အမေရိကန်ဘက်ကိုသော်လည်းကောင်း တရုတ်ဘက်ကိုသော်လည်းကောင်း ဘယ်ဘက်ကိုမှ ဖိအားပေးရွေးချယ်ခြင်းမပြုဘဲ အင်အားကြီး နိုင်ငံနှစ်ခုလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက် ထိန်းသိမ်းသွားဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အေးတိုက်ပွဲအသွင်ကူးပြောင်းလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် အရင်ကတည်းက စစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသား မရွေးချယ်ခဲ့တဲ့ အာဆီယံဟာ အခုချိန်မှာ စစ်အာဏာရှင်တွေဘက်နဲ့ ဒီမိုကရေစီဘက်တော်သားတွေဘက်ဆိုတာထက် အမေရိကန်နဲ့ တရုတ်ကြား ဘယ်ဘက်ကို ပိုအလေးသာပေးမလဲဆိုတာကို ရွေးရတော့မယ့် အခြေအနေကို ရောက်လာပါတယ်။ တကယ်လို့သာ မြန်မာစစ်အာဏာရှင်တွေက တရုတ်နဲ့ အလွန်အမင်းနီးကပ်တဲ့ အခြေအနေကို ရောက်သွားမယ်ဆိုရင် အမေရိကန်နဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ ပတ်သက်ဆက်နွှယ်မှု မြန်မာနိုင်ငံမှာ လျော့နည်းလာပြီး အရှေ့တောင်အာရှဒေသအတွင်း ပိုမိုမတည်ငြိမ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှာ ပြည်သူတွေက လမ်းမပေါ်ထွက်ပြီးဆန္ဒပြခဲ့ကြပါတယ်။ ဖယ်ရှားခံ အစိုးရအဖွဲ့ဝင်တွေဟာ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရကနေတဆင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုဆန့်ကျင်မှုတွေအတွက် စစ်အာဏာရှင်တွေရဲ့ တုံ့ပြန်မှုကတော့ သူတို့ဘက်က မဟုတ်ဘူးလို့ ထင်မြင်ယူဆရသူအားလုံးကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်းတော့တာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေကို ဆန့်ကျင်သူတွေဟာ လက်မြှောက်အရှုံးမပေးဘဲ လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့ကြပြီးတဲ့နောက် ၂၀၂၁ ခုနှစ်ရဲ့ နွေဦးမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်အတွက် အစပျိုးနေခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာနယ်စပ်တလျှောက်မှာ နေရာယူထားကြတဲ့ နှစ်ဒါဇင်နီးပါးရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းနိုင်ခဲ့ကြပါတယ်။ တချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ တရုတ်နဲ့ စီးပွားရေးမှာသာမက နိုင်ငံရေးအရပါ နီးစပ်မှုရှိနေကြပြီး သူတို့ဒေသ ကိုယ်ပိုင်ချုပ်ခွင့်ရရှိရေးအတွက် ၁၉၄၈ ခုနှစ်တည်းက မြန်မာစစ်အာဏာရှင်တွေကို တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။
ပိုမိုကောင်းမွန်တဲ့လက်နက်တွေသာမက ပိုပြီးရက်စက်တဲ့ ရန်သူကိုရင်ဆိုင်နေရတာဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနယ်စပ်တလျှောက်က ကျေးလက်ဒေသတွေမှာ အလျင်အမြန် ခြေကုပ်ရယူနိုင်ခဲ့ကြပါတယ်။ ၂၀၂၁ နှစ် နှစ်လည်လောက်တည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တစ်နိုင်ငံလုံးကို သူ့ရဲ့တပ်တွေ လွှမ်းမိုးထားနိုင်ခြင်းမရှိတာကို ဝန်ခံခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့သာမက လေကြောင်းကပါ ပစ်ကူတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေဟာ နယ်စွန်နယ်ဖျားဒေသတွေကနေတဆင့် မြို့ပေါ်တွေကို တက်ရောက်သိမ်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ၂၀၂၃ ခုနှစ်ရဲ့ နွေရာသီကို ကျော်လွန်လာခဲ့တဲ့အချိန်မှာတော့ နှစ်ဘက်လုံးဟာ အနိုင်ရမယ့်လမ်း မမြင်တဲ့အခြေအနေနဲ့ ကြုံနေကြရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ရဲ့ ချဉ်းကပ်မှုပုံစံဟာ သူတို့ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ သူတို့ရဲ့ အကျိုးအမြတ်ကြားမှာ သတိထားပြီး လက်တွေ့ကျကျ ကျင့်သုံးနေတာကို တွေ့ရပါတယ်။ မြန်မာစစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ အမေရိကန်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေကို လက်ခံဆက်ဆံနေတဲ့ အာဆီယံဒေသတွင်းက သူ့ရဲ့ မဟာမိတ်နဲ့ အပေါင်းအပါတွေကိုတော့ ဆန့်ကျင်တာမျိုးမရှိပါဘူး။
အမေရိကန်အဆင့်မြင့်အရာရှိတွေဟာ မြန်မာနိုင်ငံက အတိုက်အခံ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြသလို စစ်တပ်ရဲ့ အဆင့်မြင့်အရာရှိတွေကိုလည်း အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာစစ်အာဏာရှင်တွေ အလွန်လိုအပ်နေတဲ့ နိုင်ငံခြားငွေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ငွေရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကိုတော့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ခြင်းမရှိသေးပါဘူး။ အမေရိကန်ဟာ မြန်မာစစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေကြတဲ့ ထိုင်းက စွမ်းအင်ကုမ္ပဏီနဲ့ စင်္ကာပူက ဘဏ္ဍာရေးလုပ်ငန်း အင်အားစုတွေလို တဆင့်ခံ စီးပွားရေးလုပ်ငန်းတွေအပေါ်လည်း စီးပွားရေးပိတ်ဆို့ အရေးယူတာတွေ မလုပ်ဘဲ လက်ရှောင်ထားပါတယ်။
တရုတ်ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပေါ်မှာ အမေရိကန်လို ပြတ်သားတဲ့ အမြင်မရှိဘဲ ကြိုက်ချင်းမကြိုက်ချင်း ရောထွေးယှက်တင်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရှိနေစဉ်မှာလည်း တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ မိုင်ပေါင်း ၁၃၀၀ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားနေခြင်းဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်ရော ဘီလီယံပေါင်းများစွာ တရုတ်ကရင်းနှီးမြှုပ်နှံထားတဲ့ သူ့ရဲ့ ခါးပတ်လမ်းရင်းနှီးမြှုပ်နှံမှုအတွက်ပါ သတင်းဆိုးဖြစ်တယ်လို့ တရုတ်က မြင်ထားပါတယ်။ တရုတ်ဟာ အခုချိန်ထိ မြန်မာစစ်တပ်အတွက် အကြီးဆုံး လက်နက်ရောင်းချသူဖြစ်ပေမဲ့ မြန်မာစစ်တပ်ကို ကြိုတင်ခန့်မှန်းရခက်တယ်လို့ ယူဆထားတာကြောင့် စစ်တပ်ရဲ့ ဦးဆောင်မှုကို ဘယ်တုန်းကမှ ယုံကြည်မှုမရှိခဲ့ပါဘူး။ တရုတ်ဟာ နယ်စပ်မှာ တရားမဝင်လက်နက်မှောင်ခိုကူးတာကို လက်ခံပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုလည်း ကူညီထောက်ပံ့ပေးထားပါတယ်။
အဲဒီအချက်တွေကြောင့် တရုတ်အစိုးရခေါင်းဆောင်တွေဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်အာဏာရှင်တွေကို ရှုတ်ချတာ၊ အရပ်သားအစိုးရကို အာဏာပြန်လွှဲဖို့ တောင်းဆိုတာတွေ မလုပ်ခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ နောက်ကွယ်မှာ ဆက်ဆံရေးရှိနေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ NLD ကို ဖျက်သိမ်းဖြိုခွင်းခြင်းမပြုဖို့ကိုလည်း စစ်အာဏာရှင်တွေအပေါ် ဖိအားပေးထားခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်ဘက်ကပစ်တဲ့ကျည် တရုတ်ပိုင်နယ်နိမိတ်ထဲ ကျရောက်ခဲ့စဉ်မှာ “တကယ်လို့ နောက်တစ်ကြိမ်ထပ်ဖြစ်လာခဲ့ရင် လိုအပ်တဲ့ တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်” လို့ မြန်မာစစ်အာဏာရှင်တွေကို တရုတ်က သတိပေးခဲ့ပါတယ်။ တရုတ်အစိုးရခေါင်းဆောင်တွေဟာ မြန်မာစစ်အာဏာရှင်တွေနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးကို လက်ရှောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်နွေရာသီမှာ အဲဒီအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ တော်တော်လေးပြင်းထန်တဲ့ နိုင်ငံရေးရိုက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံလုံးက အကျိုးအမြတ်ကို မျှော်ကိုး စောင့်ကြည့်နေတာကြောင့် မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှု လှိုင်းဒဏ်ကနေ လွတ်နေပါသေးတယ်။ မြေပြင်မှာလက်တွေ့ တိုက်နေသူတွေက သူတို့ရဲ့ တိုက်ပွဲကို ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်ကြားက တိုက်ပွဲလို့ မှတ်ယူထားကြတာကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ယူကရိန်းကို အားပေးထောက်ခံမှု၊ မင်းအောင်လှိုင်ရဲ့ ရုရှားအပေါ် အားကိုးပူဇော်မှုတွေကို ကြည့်ရင်သိနိုင်ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်နဲ့ တရုတ်တို့အတွက်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ချိန်ခွင်လျှာညှိခြင်းနဲ့ အကျိုးအမြတ်ကာကွယ်ရေးအတွက် လေ့ကျင့်ခန်းလုပ်ခြင်းလောက်သာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ထိုင်ခုံနေရာကို အလွတ်ထားကြဖို့အတွက် စက်တင်ဘာလ ၂၀၂၁ ခုနှစ်မှာ အမေရိကန်နဲ့ တရုတ်တို့က ပူးပေါင်းသဘောတူညီခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ တရုတ်ဟာ သတိထားဆက်ဆံနေတာကို ရပ်တန့်လိုက်ပြီး စစ်အာဏာရှင်တွေကို အားပေးထောက်ခံလာကာ အခြေအနေတွေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အမေရိကန်က ရပ်တည်ချက်ပြောင်းလဲပြီး ဒီမိုကရေစီဘက်တော်သားတွေကို အပြည်အဝထောက်ပံ့ကူညီလာတယ်လို့ တရုတ်ကထင်မြင်ယူဆလာတာကြောင့်လည်း တရုတ်က အခုလိုပြောင်းလဲလာတာ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်က ဥပဒေတစ်ရပ် ချမှတ်လိုက်တာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်မှာ ရုံးဖွင့်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စနှစ်ခုဟာ တရုတ်ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။
လက်တွေ့မှာတော့ ပြောခဲ့တဲ့ နှစ်ချက်လုံးဟာ အမေရိကန်ရဲ့ နိုင်ငံရေးမူဝါဒမှာ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေ မဟုတ်ခဲ့ပါဘူး။ အငြင်းပွားစရာဖြစ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေဟာ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အသက်အန္တရာယ်မဖြစ်စေတဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ထောက်ပံ့ရေးနဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆိုတဲ့ အမေရိကန်ရဲ့မူလရည်မှန်းချက်တွေကို ထပ်လောင်း အသက်သွင်းတာသာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေမှာ မြန်မာ့တော်လှန်ရေးအင်အားစုတွေကို စစ်ဘက်ဆိုင်ရာလက်အကူအညီတွေပေးဖို့ မပါဝင်သလို မြန်မာစစ်အာဏာရှင်တွေ လက်အောက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့လည်းမပါဝင်ပါဘူး။ အသက်အန္တရာယ်မဖြစ်စေတဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ထောက်ပံ့ကူညီဖို့အရေးမှာလည်း ရည်မှန်းထားတဲ့ အချိန်ဇယားအတိုင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ မြန်မာ့တော်လှန်ရေး အင်အားစုတွေအတွက် အမေရိကန်ရဲ့ အကူအညီဟာ ရုရှားကို ပြန်ခုခံနေတဲ့ ယူကရိန်းအပေါ် သူတို့ကူညီပေးခဲ့တာတွေနဲ့ နှိုင်းစာရင် ဘာမှမပြောပလောက်တဲ့ အတိုင်းအတာပဲရှိပါတယ်။ တော်လှန်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ရဲ့ ပိုမိုထောက်ခံအားပေးမှုရရှိရေးနဲ့ ပိုမိုပူပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်နိုင်ငံရဲ့ မြို့တော်ဝါရှင်တန်မှာ ရုံးခန်းသွားရောက်ဖွင့်လှစ်ခဲ့ရာမှာလည်း မျှော်လင့်ထားသလို ဖြစ်နိုင် မဖြစ်နိုင်ဟာ နောက်ထပ်စောင့်ကြည့်လေ့လာရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရဟာ နှစ်နှစ်ကြာ ခပ်တန်းတန်းနေခဲ့တဲ့ ဆက်ဆံရေးကို ရပ်တန့်ပြီး စစ်အာဏာရှင်တွေကို အရှိန်အဟုန်နဲ့ ကျောထောက်နောက်ခံပေးလိုက်ပါတော့တယ်။ အခုနှစ် မေလထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းရေးအတွက် တရားဥပဒေဘောင်အတွင်းကနေ ကူညီသွားမှာဖြစ်ကြောင်း ပြောခဲ့ပြီး နိုင်ငံရေးသဘောအရ စစ်အာဏာရှင်တွေကို ထောက်ခံအားပေးသွားမယ့်အကြောင်း အချက်ပြခဲ့ပါတယ်။ အခုနှစ် အစောပိုင်းမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အပါအဝင် တခြားပါတီအတော်များများ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိအောင် နိုင်ငံရေးပါတီဥပဒေကို ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ တရုတ်အစိုးရက သဘောတူသိရှိလက်ခံခြင်းမရှိဘဲနဲ့တော့ စစ်ကောင်စီဟာ ဒီခြေလှမ်းကို လှမ်းမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒီမိုကရေစီဘက်တော်သားတွေကိုလည်း အနောက်နိုင်ငံတွေနဲ့ သိပ်ပြီးနီးနီးကပ်ကပ်မရှိစေဖို့ တရုတ်ကတိုက်တွန်းထားတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။
တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန်ရှိကင်း(Deng Xijun) ကလည်း လက်စွမ်းဝင်ပြခဲ့ပါတယ်။ အခုလပိုင်းတွေအတွင်းမှာ ဒန်ဟာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ပါတွေ့ဆုံပြီး အပစ်အခတ်ရပ်စဲကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အကျိုးဆက်အနေနဲ့ တော်လှန်ရေး လုပ်ငန်းတွေကို နှောင့်နှေးစေပြီး စစ်အာဏာရှင်တွေအတွက် အခွင့်သာသွားစေပါတယ်။ ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးသမားတွေဟာ လေ့ကျင့်ရေး၊ အင်အားစုဆောင်းရေးနဲ့ လက်နက် တပ်ဆင်ရေးတို့အတွက် တရုတ်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် မှီခိုပြီး မဟာမိတ်ယူထားရတာဖြစ်သလို တပ်ဆင်ထားတဲ့ လက်နက်ကိရိယာတွေဟာလည်း တရုတ်နိုင်ငံထုတ် သို့မဟုတ် တရုတ်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေကို အသုံးပြုထားတာဖြစ်ပါတယ်။
တရုတ်က ဒီလိုဖိအားပေးလိုက်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ခွဲခြားလိုက်သလို ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေ အတွက်ကတော့ စစ်မျက်နှာအများကြီးကို တစ်ချိန်တည်းဖွင့်တိုက်နေရတာကနေ သက်သာသွားတာကြောင့် အရေးကြီးတဲ့နေရာတွေမှာ လူအင်အားလက်နက်အင်အား ပိုပြီး စုစည်းတိုက်ခိုက်နိုင်စေသွားပါတယ်။ အဲဒါကြောင့် စစ်ကောင်စီဟာ သူတို့ရှင်သန်ရပ်တည်ရေးအတွက် ဆက်လက်တိုက်ခိုက်ဖို့ ပိုအားရှိလာပါတယ်။
တရုတ်အစိုးရက မြန်မာ့အရေးအပေါ်မှာ စိတ်ဝင်စားလာပြီး ဝင်ရောက်စွက်ဖက်လာတာဟာ စစ်အေးခေတ် အရှေ့တောင်အာရှ ပဋိပက္ခတွေကို အမှတ်ရစေပါတယ်။ အဲဒီအချိန်တုန်းကလည်း အခုလိုပဲ နိုင်ငံတွေထဲက မတူညီတဲ့ အဖွဲ့ကွဲတွေဟာ သူတို့နဲ့ သင့်မြတ်ရာ နိုင်ငံကြီးတွေရဲ့ အကူအညီကို ရယူဖို့ကြိုးစားရင်း နိုင်ငံတွင်းမှာ ပြိုင်ဘက်ထက် ပိုမိုအင်အားကောင်း အသာစီးရလာအောင် ကြိုးစားခဲ့ကြပါတယ်။
မြန်မာ့အရေးဟာလည်း ဒီလမ်းကြောင်းအတိုင်းဖြစ်နေပါတယ်။ တရုတ်နဲ့ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ယှဉ်ပြိုင်မှုကြောင့် အင်ဒိုပစိဖိတ်ဒေသတွင်းက နိုင်ငံတွေဟာ တစ်ဘက်ဘက်ကိုတော့ ရွေးချယ်ရမယ်ဆိုတဲ့ ဖိအားကိုခံစားလာရသလို ဒေသတွင်းနိုင်ငံရေး အခြေအနေတွေဟာလည်းပြောင်းလဲ နေပါတယ်။ မော်လ်ဒိုက်ကျွန်းများနိုင်ငံနဲ့ သိရိလင်္ကာနိုင်ငံတို့ဟာ နှစ်ပေါင်းများစွာကြာအောင် တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အားပြိုင်မှုကို ခံစားခဲ့ကြရပါတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုဆိုင်ရာ ပြဿနာတွေနဲ့ ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးလိုမှုများပြားလာတဲ့အပေါ် ထောက်ခံအားပေးမလား၊ ငြင်းပယ်မလားဆိုတဲ့ ပြဿနာဟာ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ သမုဒ္ဒရာ ကျွန်းနိုင်ငံတွေကြားမှာ အမှားယွင်းမခံတဲ့ကိစ္စဖြစ်သလို ဒေသတွင်း အဖွဲ့တွေကွဲပြားစေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခလိုနိုင်ငံရေးပြဿနာမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်လွှမ်းမိုးမှုဟာ ပြဿနာကို အချိန်ပိုကြာစေနိုင်သလို ပဋိပက္ခရဲ့ဒဏ်ကို ခံစားနေရသူတွေအတွက်လည်း ပိုမိုဆိုးရွားတဲ့ ပြဿနာတွေကို ကြုံတွေ့ရစေနိုင်ပါတယ်။ အဲဒါအပြင် အင်အားကြီးနိုင်ငံကြီးတွေရဲ့ ယှဉ်ပြိုင်မှုကိုလည်း ပိုမိုပြင်းထန်လာစေနိုင်ပါတယ်။
လက်ရှိတရုတ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အခြေအနေတွေကို ကြည့်ရင် အခုချိန်မှာ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေဟာ နယ်စပ်မှာတင် ရပ်တန့်သွားနိုင်တဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး။ အခုလို တရုတ်က ဝင်ရောက်စွက်ဖက်လာတာဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အစိုးရတွေက ဒီပြဿနာကို တာဝန်ယူဝိုင်းဝန်းဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်တာမို့ သူတို့ရဲ့ တာဝန်လည်း မကင်းပါဘူး။
မြန်မာ့အရေးကို အာဆီယံကလည်း ကောင်းစွာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ အာဆီယံရဲ့ မူဝါဒဖြစ်တဲ့ သဘောတူညီချက်ရယူရေးနဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒဟာ စစ်အာဏာရှင်တွေကို လုံလောက်တဲ့ဖိအားမပေးနိုင်ခဲ့ပါဘူး။ ဒီနှစ်အတွက် အာဆီယံရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ နောက်ကွယ်ကနေ ညှိနှိုင်းမယ်ဆိုတဲ့ စီမံကိန်းဟာလည်း အလုပ်ဖြစ်တာကို မတွေ့ရပါဘူး။ အာဆီယံက ဦးတည်နေတဲ့ သဘောတူညီချက် ၅ ရပ်ဟာလည်း စည်းကမ်းထိန်းသိမ်းရေး ယန္တရားပါဝင်ခြင်း မရှိတာကြောင့် အလုပ်ဖြစ်တာကို မတွေ့ရသေးပါဘူး။
ထိုင်းနဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌဖြစ်လာမယ့် လာအိုတို့လို အာဏာရှင်အငွေ့မသေသေးတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ဒေသတွင်းမှာ ပြန်လည်စေ့စပ်ပေးနေကြတာဟာလည်း စိုးရိမ်စရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အာဆီယံရဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။
အာဆီယံနဲ့ ဒေသတွင်းက နိုင်ငံတွေဟာ နဝေတိမ်တောင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို စေ့စပ်မယ်လို့ ပြောနေမယ့်အစား လက်တွေ့အချက်အလက်တွေကို လက်ခံရင်ဆိုင်သင့်နေပါပြီ။ ပထမဆုံး အချက်ကတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံမှာ နှစ် ၆၀ ကျော်ကြာအောင် ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စနစ်တကျကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒုတိယအချက်က လက်နက်အင်အား အလွန်အမင်းသာလွန်နေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာ ရှုံးနိမ့်ရတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းနိုင်စွမ်းမရှိတာအပြင် အစွန်အဖျားနယ်စပ်ဒေသတွေမှာ နယ်မြေစိုးမိုးအုပ်ချုပ်နိုင်မှုမရှိခြင်းစတာတွေကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ စစ်ပွဲမှာ အနိုင်ရဖို့မရှိပါဘူး။ စစ်တပ်ကို အုပ်ချုပ်ရေးကနေ ဖယ်ရှားရမယ့် နည်းလမ်းကသာလျှင် မြန်မာနိုင်ငံမှာ အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရစေမယ့် တစ်ခုတည်းသော လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်ပါတယ်။ အာဆီယံနဲ့ တခြားနိုင်ငံတွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ကြိုးပမ်းရာမှာ လက်တွေ့အချက်တွေပေါ်မှာ အခြေခံပြီးဆောင်ရွက်ဖို့လိုပါတယ်။ အရပ်သားအစိုးရကို အာဏာလွှဲဖို့ ပျက်ကွက်ခဲ့တဲ့ ဆူဒန်နိုင်ငံကို အဖွဲ့ထဲကနေ ထုတ်ပယ်ခဲ့တဲ့ အာဖရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်ချက်ကို အာဆီယံအနေနဲ့ နမူနာယူသင့်ပါတယ်။
အာဆီယံဟာ အင်အားကြီးပြိုင်ဘက်အားလုံးနဲ့ သင့်မြတ်အောင်ကြိုးပမ်းနေဦးမယ်ဆိုရင် ဒေသတွင်းမှာ အဖွဲ့အစည်းရဲ့ အရေးပါမှုလျော့ကျလာဖို့ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ရန်လိုနယ်ချဲ့နေတဲ့ တရုတ်ရဲ့ ပြဿနာဟာ ဒီနည်းလမ်း အလုပ်မဖြစ်ဘူးဆိုတာကို ပြနေတဲ့သက်သေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ကျောထောက်နောက်ခံပေးပြီး အသာစီးရအောင် ကြိုးပမ်းနေတဲ့ တရုတ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုသာ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် ပဋိပက္ခတွေဟာ ပိုမိုရှည်ကြာလာပြီး မြန်မာစစ်အာဏာရှင်တွေဟာ ဒေသတွင်းကပထဝီဝင်နိုင်ငံရေးကို လိုသလိုစီမံချင်နေတဲ့ တရုတ်ရဲ့ လက်ပါးစေတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ဒေသတွင်းက နိုင်ငံတွေဟာ အမေရိကန်ဘက်နေမလား တရုတ်ဘက်နေမလားဆိုတာကို မဖြစ်မနေရွေးချယ်ဖို့ ဖိအားတွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ဒီအခြေအနေကိုတော့ လိုချင်ကြမှာ မဟုတ်ပါဘူး။
အမေရိကန်အနေနဲ့လည်း မြန်မာ့အရေးကို အလေးမထားဘဲ နေလို့မရတော့ပါဘူး။ တောင်အာရှနဲ့ အရှေ့တောင်အာရှဆုံချက်မှာ တည်ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အရေးပါတဲ့ အချက်အချာဖြစ်နေပါတယ်။ ပထမအဆင့်အနေနဲ့ သူတို့ရဲ့ ဘားမားအက်မှာ ဖော်ပြထားတဲ့အတိုင်း အမေရိကန်ဟာ မြန်မာ့အရေးမှာ ပိုပြီးအာရုံစိုက်ရမှာဖြစ်ပြီး သူ့ရဲ့ မဟာမိတ်နဲ့ အပေါင်းအပါနိုင်ငံတွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေပြင်ဆင်ချမှတ်ပြီး ပူးပေါင်းပါဝင်လာဖို့ ဆောင်ရွက်သင့်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေသလို မြန်မာအရေးကို အထူးစိတ်ဝင်စားတဲ့နိုင်ငံဖြစ်နေတာကြောင့် မြန်မာ့ပြဿနာညှိနှိုင်းရေးမှာ တရုတ်ကို မဖြစ်မနေထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ရမယ့် ကိစ္စလို့ အမေရိကန်က မှတ်ယူလို့ မဖြစ်ပါဘူး။ ဒါ့အပြင် ပဋိပက္ခတွေ ပိုမိုဆိုးရွားလာခြင်းမရှိစေရေးအတွက် အမေရိကန်ဟာ တရုတ်နဲ့ ညှိနှုင်းဆောင်ရွက်သင့်ပါတယ်။ စစ်ပွဲကို နိုင်အောင်မတိုက်နိုင်တဲ့ အဆုံးကျမှသာ ငြိမ်းချမ်းရေးဆွးနွေးမယ့် စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့ လိုတာကြောင့် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့မယ့် ဘာမားအက်ဟာ တရုတ်အတွက် အန္တရာယ်မဟုတ်တဲ့အပြင် တရုတ်ရဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ရည်ရွယ်ချက်နဲ့ တူညီနေကြောင်းကို အမေရိကန်က အလေးပေးဖော်ပြသင့်ပါတယ်။ တရုတ်အနေနဲ့လည်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့ စစ်အာဏာရှင်တွေဟာ ရေရှည်မိတ်ဖက်ကောင်း မဖြစ်နိုင်ဘူးဆိုတာကို သတိထားသင့်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့လည်း စစ်အေးခေတ်ကလို ဝါဒကွဲ အဖွဲ့ကွဲတွေနဲ့ ဒေသတွင်း အစိတ်စိတ်အမွှာမွှာမဖြစ်စေရေးကို အဓိကဦးစားပေး စဉ်းစားသင့်ပါတယ်။ ဝင်ရောက်မစွက်ဖက်ရေး၊ သဘောတူညီမှုရအောင်ကြိုးပမ်းရေးစတဲ့ မူဝါဒထက် လက်တွေ့မှာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု မပျက်ပြားရေးကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ မကြာသေးခင်က မြန်မာစစ်အာဏာရှင်တွေကို ပွဲထုတ်ဖို့ကြိုးစားခဲ့တဲ့ ထိုင်းရဲ့ ဆောင်ရွက်ချက်ဟာလည်း စစ်အာဏာရှင်တွေကို အာဏာဆက်လက်ဆုပ်ကိုင်ထားလို့ရတယ်လို့ ထင်မြင်ယူဆစေတာကြောင့် လုံးဝကိုမှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုတဲ့ အာဆီယံရဲ့ ဦးတည်ချက်အတွက် တစ်ခုတည်းသောအဖြေဟာလည်း မြန်မာနိုင်ငံက ပဋိပက္ခတွေရဲ့လက်သည်တရားခံ စစ်အာဏာရှင်တွေကို ထိုင်ခုံကနေ ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတော့တယ်။
ဥဿာဆန်း
Ref: Foreign affairs
(Foreign affairs မဂ္ဂဇင်းမှာ ဆောင်းပါးရှင် Ye Myo Hein နဲ့ Lucas Myers တို့ ရေးသားဖော်ပြထားတဲ့ Is Myanmar the Frontline of a New Cold War? ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )