Home
မြန်မာသတင်း
ပြည်မြို့တွင် ပစ္စည်းလုယက်ပြီး အမျိုးသမီးတဦးအား သတ်ဖြတ်
DVB
·
June 9, 2023
352825724_229675299808044_2779913487246358492_n

ပဲခူး၊ ပြည်မြို့၊ အောင်ဆန်းကွက်သစ်၊ ၃ လမ်းမှာ ဇွန် ၈ ရက် ညနေက အမျိုးသမီးတဦး အသတ်ခံရပြီး နေအိမ်တွင်း ငွေကြေးနဲ့ ပစ္စည်းတွေ လုယက်ခံခဲ့ရတယ်လို့ ပြည်မြို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ကလေးတယောက်မိခင် အမျိုးသမီးဖြစ်ပြီး အဲ့ဒီညနေ ၄ နာရီခန့်က သေဆုံးသူရဲ့ သမီးဖြစ်သူ ကျောင်းပြန်လာချိန်မှာ နေအိမ်အတွင်း ရေချိုးခန်းမှာ အသတ်ခံထားရတာကို တွေ့ရတာပါ။

ပြည်မြို့ လူမှုကယ်ဆယ်ရေးအသင်းတခုရဲ့ ပြန်ကြားရေးတာဝန်ခံက "ညနေ ၄ နာရီလောက်က ဖြစ်တာပေါ့၊ အမျိုးသမီးတဦးက ဒဏ်ရာနဲ့ ရေချိုးခန်း ထဲလဲနေတယ်ဆိုလို့ သွားတာပါ။ ရဲမှုရဲခင်းပုံစံမျိုးနဲ့ သေနေပါပြီ။ သူခိုးတွေက အိမ်ထဲမှာ ရှိတဲ့ အသုံးအဆောင်တွေကို မွှေနှောက်ထားတယ်ပေါ့။ သူတို့ သတ်ပြီးမှ ရေချိုးခန်းထဲ တရွတ်တိုက် ဆွဲခေါ်တဲ့ ပုံစံပါ၊ သူ့သမီးလေး ကျောင်းပြန်လာမှ ဒဏ်ရာတွေနဲ့လဲနေတာကို တွေ့ရတာ" လို့ ပြောပါတယ်။

ရေချိုးခန်းဝနဲ့ လျှောက်လမ်းမှာ ပက်လက်အနေအထား၊ ညာနားထင် ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း၊ နေအိမ်အတွင်း ဘီဒို ၁ လုံးမှာ သော့ပွင့်နေပြီး အိမ်အတွင်း မွှေနှောက်ရှာခံထားရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ မကြာသေးခင်က နေအိမ်တလုံးကို ရောင်းချထားပြီး လုယက်သူတွေက ပိုက်ဆံလုရင်း သတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အနီးအနားနေသူတွေက ပြောပါတယ်။

သေဆုံးသူရုပ်အလောင်းအား ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ပြည်ရဲစခန်းက ပျောက်ဆုံးပစ္စည်းစာရင်းနဲ့ လုသတ်လုယက်သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013