ပဲခူးတိုင်း၊ ပြည်မြို့၊ စက်မှုကွက်သစ်ရပ်ကွက်၊ ဂန္ဓာမာဈေးအနီးမှာ သြဂုတ် ၂၆ ရက် ညနေက ရေမြောင်းအတွင်း ရေစီးနဲ့မျောပါသွားတဲ့ မောင်ဖြစ်သူကို အမဖြစ်သူက လိုက်ဆယ်ရာက ၂ ဦးလုံး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
ပြည်မြို့၊ စက်မှုကွက်သစ်ရပ်ကွက်၊ ဂန္ဓမာစျေးအနီးမှာ သြဂုတ် ၂၆ ရက် ညနေ ၄ နာရီလောက်မှ ရေမြောင်းအတွင်းပြုတ်ကျသွားတဲ့ အသက် ၅ နှစ်အရွယ် မောင်ဖြစ်သူကို လိုက်ဆယ်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် အစ်မဖြစ်သူပါ ရေနစ်သေဆုံးခဲ့တာလို့ ပြည်ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်းဝင်တဦးက ပြောပါတယ်။
“ပတ်ဝန်းကျင်ပြောတာတော့ ကောင်လေးက သူ့အစ်မကျောင်းကပြန်လာတာကို ထွက်ကြိုပြီး ထမင်းချိုင့်နဲ့အတူ ရေမြောင်းထဲချော်ကျသွားတာ။ လိုက်ဆယ်တဲ့အစ်မပါ ရေနစ်တာပေါ့။ ဖြစ်တဲ့အချိန် မိုးကလည်းကောင်းပြီး တောင်ကျရေစီးနေချိန်ဆိုတော့ ရေစီးကသန်တာပေါ့။ နောက်ပြီး မြောင်းအနက်ကလည်း လူကြီးခါးလောက်ရှိတယ်။”
ရေမြောင်းအတွင်း ရေစီးနဲ့မျောပါသွားတဲ့ ကလေးငယ် ၂ ဦးရဲ့ ခြေထောက်နဲ့ ဦးခေါင်းပိုင်းတွေမှာ ပွန်းပဲ့ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့တာကြောင့် ပြည်ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်းမော်တော်ယာဥ်နဲ့ ပြည်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း ပြည်မြို့၊ ကံကလေးကျေးရွာအနီး ရေကန်အတွင်းမှာ အသက် ၄၀ ကျော်အရွယ်အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။