Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း လေပြင်းကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီး၊ ၁ ဦးဒဏ်ရာရ
DVB
·
May 13, 2023
346981470_244326014852185_7072605892451590668_n

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတော၊ အိမ်မဲ၊ သာပေါင်းနဲ့ ဝါးခယ်မမြို့နယ်တို့မှာ ဒီနေ့ နေ့လယ်မှ ညနေအထိ မိုးသည်းထန်စွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီးခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်မဲမြို့နယ် ခတ္ထိယကျေးရွာအုပ်စု ရွာမမှာ ဒီနေ့ညနေလေးနာရီ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် နေအိမ်အမိုးသွပ်ပြားတွေ လွှင့်ထွက်ကုန်တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သွပ်တွေ အချပ်လိုက်ကွာပြီးပါသွားတာ၊ အိမ်တွေပြိုတာတော့ မရှိဘူး၊ သတိထားပြီးတော့ နေရတယ်" လို့ ပြောပါတယ်။

ငပုတောမြို့နယ်မှာ ဒီနေ့ နေ့လယ်က လေပြင်းတိုက်ခတ်ခဲ့ရာ ဥတိုကျေးရွာနဲ့ ကုန်းကလေးကျေးရွာမှာ လေပြင်းတိုက်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းနဲ့ ဆိပ်ခံတံတား အမိုးသွပ်ပြားတွေ လွှင့်ထွက်ကုန်တယ်လို့ သိရပါတယ်။

သာပေါင်းနဲ့ ဝါးခယ်မမြို့နယ်တို့က ကျေးရွာအချို့မှာလည်း ဒီနေ့နေ့လယ်က တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် နေအိမ်အချို့ပြိုလဲခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝါးခယ်မနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သာပေါင်းမှာ ထန်းဇင်လှ၊ သဲဖြူ၊ ဘုရားနီနဲ့ ၃ ရပ်ကွက်မှာအိမ်တွေပြိုတာရှိတယ်။ ဝါးခယ်မမှာ နေအိမ်နှစ်လုံး ပြိုတယ်၊ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။ ကုက္ကိုင်ပင်အိမ်ပေါ်လဲကျတာ။" 

ပြီးခဲ့တဲ့ ဧပြီ ၁၀ နဲ့၁၁ ရက်ကလည်း ကျောင်းကုန်းမြို့နယ်မှာ  မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့်  မကျီးစင်၊ကညင်ကုန်း၊ ပန်းတောရိုးအရှေ့၊ ပန်တောရိုးအနောက်၊ ကြာဂရက်၊ ကြိုးကြာချောင်ကျေးရွာ၊ ကျွန်းချောင်း၊ ဘုရားငူ၊ ရွာသစ်ကုန်းနဲ့ ရွာသာကုန်းကျေးရွာမှာ နေအိမ်ငါးဆယ်လောက် ပြိုကျပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013