Home
မြန်မာသတင်း
စင်ကာပူနှင့်အင်ဒိုနီးရှား သံအရာရှိများ၏ ယာဉ်တန်း ဆီဆိုင်တွင် တိုက်ခိုက်ခံခဲ့ရ
DVB
·
May 8, 2023
345432648_1334634463784265_1324346763265530409_n

စင်ကာပူနဲ့ အင်ဒိုနီးရှား သံအရာရှိတွေအပါအဝင် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) က တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ မေ ၇ ရက် မနက် ၁၀ နာရီလောက်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင် လမ်းပေါ်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီယာဉ်တန်းမှာ ရန်ကုန် စင်ကာပူသံရုံးက အရာရှိနှစ်ဦး၊ အင်ဒိုနီးရှားသံရုံးက အရာရှိနှစ်ဦး၊ AHA ရုံး တာဝန်ရှိသူ ၃ ဦးနဲ့ စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းတွေ အပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အတွင်းရေးမှူး ၂ နန်းယဉ်စိုးလည်း ပါဝင်တယ်လို့ PNLO အတွင်းရေးမှူး ဦးခွန်ထွန်းတင်က ပြောပါတယ်။

“မနေ့က ကျနော်တို့ စစ်ဘေးရှောင် ရေဖြူရွာနဲ့ ကယန်းလေးရွာမှာ စစ်ဘေးရှောင်မိသားစု ၁၀ စုကို ကျနော်တို့ ပစ္စည်းတွေကို အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေး စင်တာ (AHA Centre) က ကူညီဖို့အတွက် အဲဒါကို သံတမန်တွေလည်း တက်ရောက်မယ်ဆိုပြီးမှ လာလိုက်တာ။ တောင်ကြီးကနေ ကားထွက်လာတာပေါ့နော်။ ဆီဆိုင်အဝင် ၄ မိုင်အကွာလောက်မှာ နန့်အော့ရွာနားမှာ ချုံခိုတိုက်ခိုက်ခံရတာပေါ့။”

ဒီတိုက်ခိုက်မှုအတွင်း အဆိုပါယာဉ်တန်းနောက် ပွိုင်လိုက်ပေးတဲ့ ရဲကားထိခိုက်ပြီး ရဲတဦး ထိခိုက်ခဲ့ ပြီးနောက်မှာ‌တော့ အဆိုပါ သံတမံကားဟာ နောက်ကြောင်းပြန်လှည့်သွားခဲ့တယ်လို့ ဦးခွန်ထွန်းတင်က ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တယ်ဆိုတာကို သေချာမသိရသေးပေမယ့် ဒီလိုတိုက်ခိုက်မှုတာ မနာလိုမှုတွေကြောင့် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဒါကတော့ မကောင်းဘူးပေါ့။ ကျနော့် စစ်ဘေးရှောင်တွေ အများကြီးရှိတော့ သူတို့အတွက် စားဝတ်နေရေး ပြဿနာကို တဖက်တလမ်းကနေ ကူညီပေးတာကို ဒီလိုမျိုး မနာလိုမှုရှိနေတာကို သိလိုက်ရတာပေါ့နော်။ ဒီအစီစဉ်ကို မလိုလားဘူးဆိုတာကို သိလိုက်ရတာပေါ့။”

သံတမန်တွေ ပြန်လှည့်သွားပေမယ့် အကူအညီပေးမယ့် ပစ္စည်းတွေကိုတော့ PNLO ဆက်ဆံရေးရုံးကနေတဆင့် စစ်ရှောင်မိသား ၁၀ စုကို ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ အကူအညီတွေထဲမှာ အသုံးဆောင်ပစ္စည်းတွေ၊ ဆန် နဲ့ မိသားစုဝင် တဦးချင်းဆီအတွက် ကျပ်ငွေ ၁ သောင်းစီ ထောက်ပံ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ PNO ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ PNO ဟာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဌာနက ဒီနေ့ညပိုင်း သတင်းထုတ်ပြန်ရာမှာတော့ အာဆီယံ AHA Centre ကိုယ်စားလှယ်တွေ၊ အင်ဒိုနီးရှားနဲ့ စင်ကာပူသံရုံး ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဆီဆိုင်မြို့နယ်၊ နန့်အောရွာ မြောက်ဘက် မီတာ ၂၀၀ အကွာမှာ အသင့်စောင့်ဆိုင်းနေတဲ့ အကြမ်းဖက်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ရှစ်ထောင်ကျော် ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေ ၆ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ စစ်ဘေးဒုက္ခသည် ၁ သန်း ၈ သိန်းကျော် ရှိနေပြီး အဲဒီအထဲက ၁ သန်းခွဲဟာ စစ်တပ်အာဏာသိမ်းပြီးမှ အသစ်ဖြစ်လာတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013