Home
မြန်မာသတင်း
ဖားကန့်မြောက်ဖြူရွာတွင် အမျိုးသား ၂ ဦး အလောင်းတွေ့၊ ဖားကန့်မြို့၌ အမျိုးသား ၂ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
May 6, 2023
345238542_884344739328227_4115672632784458964_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မြောက်ဖြူရွာအဝင်မှာ မေ ၅ ရက် မနက်ပိုင်းက  သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာ၊ ထိုးသွင်း ဒဏ်ရာတွေနဲ့အတူ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီခန့်က တွေ့ရခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။

"မနက် ၆ နာရီလောက် အလောင်းတွေ့တာ။ ပုံစံကတော့ ရိုက်နှက်ပြီး သေမှ လာပစ်သွားတဲ့ ပုံစံမျိုးပဲ။ ကောင်လေး တစ်ယောက်က ရိုက်နှက် ဒဏ်ရာတွေပဲ တွေ့တယ်။ နောက်တစ်ယောက်က လည်ပင်းနားမှာ ဘာနဲ့ထိုးထားတဲ့ ဒဏ်ရာလည်းမသိဘူး တွေ့ရတယ်” 

သေဆုံးနေတဲ့ အမျိုးသား နှစ်ယောက်ကို မည်သူက သတ်ဖြတ်တယ်ဆိုတာ မသိရသလို အသတ်ခံရတဲ့ အသက် ၂၀ အရွယ် သူတို့ နှစ်ဦးဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်၊ ကျောက်စိမ်းတောင် ကြိုးတံတားနားမှာ  မေ ၁ ရက် မနက်က ကိုအောင်ကျော်ဦးဆိုသူ အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

ဖားကန့်မြို့ပေါ်မှာတော့ မေ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှော်ဝမ်းရပ်ကွက်က နေအိမ် တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးကာ မော်တော်ကားတစ်စီးကို ယူဆောင်သွားတယ်လို့  မိသားစုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"မနက် ၁ နာရီလောက်  စစ်တပ်က ကား သုံးစီးနဲ့ ရောက်လာတယ်။ အိမ်ထဲမှာ ရှာဖွေ စစ်ဆေးပြီး  အိမ်မှာရှိတဲ့ သူ နှစ်ဦးကို ဖမ်းသွားတယ်။ ကား တစ်စီးကိုလည်း သိမ်းသွားတယ်။ ဘယ်ကို ဖမ်းသွားလည်းတော့ မသိရဘူး" 

စစ်ကောင်စီတပ်က  ဦးကျော်ဦးနဲ့ ဦးဇော်ဒွဲခေါင်ကို ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတယ် ဆိုတာ မသိရသလို မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင် တွေလည်း စိုးရိမ်ပူပန်နေပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို မကြာခဏ ဖမ်းဆီး စစ်ဆေးနေပြီး  ဧပြီ ၁၈ ရက်က ဆိုင်းဖရာကျေးရွာကို ဝင်ရောက်ဆီးနင်းကာ ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး  အမျိုးသမီး အမျိုးသား ၃၀ ဦးထက် မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013