Home
မြန်မာသတင်း
WFP တံဆိပ် မလျော်ကန်ဘဲ အသုံးပြုနေတာ တွေ့ရှိလျှင် သက်သေပို့ပေးရန် ဌာနေကိုယ်စားလှယ်ပြော
DVB
·
May 5, 2023
343630435_3534678740101086_2807457343033446936_n

စစ်တပ်ရိက္ခာတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်တပ်တဲ့ကားတွေနဲ့ သယ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် အတည်မပြုနိုင်သေးဘဲ သက်သေရှိခဲ့ရင် ဆက်သွယ်ပေးစေလိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

လတ်တလောမှာ လူမှုကွန်ရက်မီဒီယာတွေအပေါ် WFP နဲ့ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံ့နေပြီး ဒီအပေါ်မှာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန် အန်ဒါဆန်က ရှင်းပြတာပါ။

“ဆိုရှယ်မီဒီယာမှာ အတည်မပြုနိုင်တဲ့သတင်းတွေ ပျံ့နေပေမဲ့လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ အဖွဲ့အစည်းတံဆိပ်တွေ ဒါမှမဟုတ် ပစ္စည်းတွေကို မလျော်ကန်ဘဲ အသုံးပြုထားကြောင်း ခိုင်လုံတဲ့ အထောက်အထားတခုခုကို ကျနော်တို့အနေနဲ့ အခုချိန်ထိ မတွေ့ရသေးပါဘူး။ WFP နဲ့ ကုလသမဂ္ဂက လုပ်ဖော်ကိုင်ဘက်တွေအနေနဲ့ အထူးသဖြင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာရှိတဲ့ အကူအညီ အလိုအပ်ဆုံး လူတွေဆီကို အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းလျက်ရှိရာမှာ ရပ်ရွာလူထုတွေရဲ့ အစဉ်တစိုက် ပံ့ပိုးကူညီမှုကို အားကိုးအားထားပြုပြီး ဆောင်ရွက်နေပါတယ်။”

တကယ်လို့ WFP တံဆိပ်ကို မလျော်ကန်ဘဲ သုံးနေတာ တွေ့ခဲ့မယ်ဆိုရင်လည်း စိစစ်နိုင်ဖို့ အတွက် သက်သေအထောက်အထားအဖြစ် အီးမေးလ်လိပ်စာ wfp.myanmar@wfp.org ဆီကို အီးမေးလ် ဆက်သွယ်ပေးပို့စေလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

WFP တံဆိပ်တပ်ထားတဲ့ကားတွေ ပဲခူးတိုင်းထဲမှာ စစ်တပ်အတွက် ရိက္ခာတွေ သယ်ပေးနေတယ်ဆိုပြီး သတင်းဌာနတခုက ပြီးခဲ့တဲ့ ဧပြီလထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ဌာနေကိုယ်စားလှယ်က ဒါဟာ ပဲခူးတိုင်းကိုဖြတ်ပြီး ကယား (ကရင်နီ) ပြည်ထဲကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မူလရေးသားတဲ့ သတင်းဌာနကလည်း ဒီအကြောင်းကို ပြန်လည်ဖော်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ လူဦးရေ ၄၅ သိန်းကို ဦးစားပေးအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ဆောင်ရွက်နေပြီး ဒီအထဲမှာ အရင်နဲ့ လက်ရှိ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူဦးရေ ၁၆ သိန်း ပါတယ်လို့ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန် အန်ဒါဆန်က ပြောပါတယ်။

၂၀၂၂ ခုနှစ်ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ပဋိပက္ခဒဏ်ခံရသူနဲ့ နေရပ်စွန့်ခွာနေထိုင်ရသူ ဦးရေ အနည်းဆုံး ၄၄ သိန်းကို စားနပ်ရိက္ခာနဲ့ အာဟာရ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ အရေးပေါ် အမိုးအကာအကူအညီတွေ၊ အိမ်သုံးပစ္စည်းအထောက်အပံ့တွေ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အကူအညီတွေနဲ့ ပညာရေးဆိုင်ရာ အကူအညီတွေ ပေးခဲ့ကြတယ်လို့ WFP က ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013