Home
မြန်မာသတင်း
သာကေတတွင် YBS 8 က သုံးဘီးဆိုင်ကယ်ဝင်တိုက်၊ ၆ ဦး ဒဏ်ရာရ
DVB
·
April 23, 2023
342913270_741164460827592_240213950052804508_n

ရန်ကုန်၊ သာကေတမြို့နယ်၊ ၇ ရပ်ကွက်၊ ၇ ဈေးလမ်းမကြီးနဲ့ ဇမ္ဗူသီရိလမ်းသွယ်ထောင့်မှာ ဧပြီ ၂၂ ရက်၊ နေ့လယ်ပိုင်းက YBS 8 နဲ့ ခရီးသည်ပါ သုံးဘီးဆိုင်ကယ်ဝင်တိုက်မိပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်မြို့ ကယ်ဆယ်ရေးအသင်းတခုက ပြောပါတယ်။

အဲ့ဒီနေ့က အမျိုးသမီး ၂ ဦးနဲ့ ကလေး ၃ ဦးဟာ သုံးဘီးငှားစီးကာ မုန့်စားထွက်လာကြတာလို့သိရပြီး ၇ ဈေးမှတ်တိုင်မရောက်ခင် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ YBS နံပါတ် 8 က ဝင်တိုက်ခဲ့တာပါ။ 

"လမ်းကြောင်းတခုသွားရင်းနဲ့ ကြုံတာပါ။ သုံးဘီးကို ကားက ဖြတ်တိုက်လိုက်တာလို့ ပြောတယ်။ ကလေးတဦးကတော့ ခေါင်းထိ‌ထားတော့ စိုးရိမ်ရပါတယ်။ သုံးဘီးသမားက ခါးထိတယ်၊ ကျန်ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦးကတော့ ပွန်းပဲ့ရုံပါ" လို့ ရန်ကုန်မြို့အခြေစိုက် ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

YBS 8 ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ သာကေတမြို့နယ်ကို ဖြတ်သန်းပြီး လသာမြို့နယ်အထိ ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။ 

ကားတိုက်ခံရတာကြောင့် ကလေးငယ်တဦးမှာ ဦးခေါင်းကွဲ ( စိုးရိမ်ရ) ဒဏ်ရာ၊ ကျန်ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦးမှာ ခြေထောက်လက် ပွန်းပဲ့ ဒဏ်ရာနဲ့ သုံးဘီးမောင်းအမျိုးသားမှာ ခါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဘီးပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ယာဉ်မောင်းဖြစ်သူကို သာကေတမြို့နယ်ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ သိရတဲ့အပြင် လူနာတွေကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ပေးထားပြီး ကားတိုက်ခံရမှုအတွက် ယာဉ်လိုင်းဘက်က ဘယ်လို လုပ်ဆောင်ပေးမလဲ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း သာကေတမြို့နယ်၊ ရတနာလမ်းမကြီး၊ ရှုခင်းသာမှတ်တိုင်အနီးမှာ YBS 4 က တွဲကားကို ဝင်တိုက်မိတာကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013