Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်တွင် ဖုန်းဆိုင် လုယက်ခံရပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုးပါသွား
DVB
·
April 4, 2023
338728800_233466892485052_6634488926625820809_n

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၉ ရပ်ကွက်၊ လမ်း ၄၀ အလယ်ဘလောက်ရှိ Kaung Lay ဖုန်းဆိုင်ကို ဧပြီ ၃ ရက် မနေ့ မနက် ၁၁ နာရီကျော်လောက်မှာ အမျိုးသားသုံးယောက်က  ဓား၊ သေနတ်တွေကိုင်ဆောင် ဝင်ရောက်လုယက်ခဲ့လို့ ကျပ် သိန်း ၂၀၀ ဖိုးလောက် ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လမ်း ၄၀ အလယ်ဘလောက် ပထမထပ်မှာဖွင့်ထားတဲ့ Kaung Lay ဖုန်းဆိုင်ကို မနေ့မနက်  ၁၁ နာရီကျော်က အမည်မသိအမျိုးသားသုံးယောက်ရောက်လာပြီး ဆိုင်ရှင်ဖြစ်သူနဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ချိန်ကာ ဓားနဲ့ထောက်ပြီး ပါးစပ်ကိုတိတ်နဲ့ပိတ်ကာ လက်ပြန်ကြိုးတုပ်လို့ အိုင်ဖုန်း ၁၄ လုံးနဲ့ ငွေကျပ် သိန်း ၅၀ ယူသွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဆိုင်ပိုင်ရှင်နဲ့အမျိုးသမီးတစ်ဦးကို ကြိုးတုပ်ပြီး ဆိုင်က ငွေသိန်းငါးဆယ်နဲ့အိုင်ဖုန်း ၁၄ လုံးယူသွားတာ အားလုံးပေါင်းရင် သိန်းနှစ်ရာနီးပါးရှိတယ်။ လုသွားတဲ့သူကိုတော့ မမိဘူး။”

လမ်း ၄၀ နဲ့အနီးမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ အမြဲရှိပြီး အခုလိုလုယက်ခံရတာဟာ မြို့လယ်ခေါင်တွေနေသူအနေနဲ့ လုံခြုံမှု မရှိတော့သလို ခံစားရတယ်လို့ လမ်း ၄၀ မှာနေသူတစ်ဦးက ပြောပါတယ်။

လုယက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး Kaung Lay ဖုန်းဆိုင်ကို စစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

လက်တလောမှာ ဆိုင်ရှင်က ကျောက်တံတားမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့် ထားပါတယ်။

လမ်း ၄၀ မှာနေသူတစ်ဦးက "၃၆ နဲ့ အနီးတဝိုက်မှာ စစ်သားနဲ့ရဲ အမြဲရှိတယ် တရားရုံးမှာလည်း စစ်သားတွေ ရဲတွေရှိတယ်။ ဒီလိုနေရာနှစ်ကြားမှာပေါ်တင်ဝင်လုပြီး အေးဆေးထွက်ပြေးသွားတာက မြို့ထဲနေသူတွေအဖို့ ဆိုင်လုံခြုံရေးထပ်ခေါ်ဖို့ သတိပေးလိုက်တာပဲ"လို့ ပြောပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ခိုး၊ ဆိုး၊ လုယက်မှုတွေ နေ့စဥ်နဲ့အမျှဖြစ်နေပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013