Home
မြန်မာသတင်း
ဟိုပုံးတွင် ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀ ပါသွား
DVB
·
February 26, 2024
HoPone_26022024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ပေါ်မှာ ဖုန်းအရောင်းဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀ ပါသွားကာ လုပ်ငန်းရှင်တွေထံလည်း ဖုန်းဆက်ပြီး ငွေတောင်း ခြိမ်းခြောက်မှု များလာကြောင်း ဒေသခံထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ 99 ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကို ပြောက်ကျားဝတ်စုံနဲ့ သေနတ်အရှည်ကိုင်ဆောင်ပြီး လူနှစ်ယောက်က ဓားပြတိုက်သွားတာ ဖြစ်ပါတယ်။

ဟိုပုံးမြို့ တောင်ရပ်ကွက်နေ ဒေသခံတဦးက “လူကတော့ ဘာမှ မလုပ်သွားဘူး။ ဖုန်းနှစ်လုံး၊ ဖုန်းဘေကတ်နဲ့ ငွေသိန်း ၂၀၀ ယူသွားတယ်။ ခေတ်ကာလမကောင်းတော့ အရမ်းကြောက်ဖို့ကောင်းတယ်။ နေ့ခင်း ၂ နာရီ ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဒါ့အပြင် အခု ဖေဖော်ဝါရီလအတွင်း ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ဖုန်းဆိုင်၊ အလှပြင်ဆိုင် စတဲ့ လုပ်ငန်းရှင်တွေဆီကိုလည်း ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “လုပ်ငန်းသေးသေးလေးအစ မြေပွဲစားအစ ခြိမ်းခြောက်ပြီး တောင်းလာတယ်။ သူတို့က ဒီအဖွဲ့က ဒီအဖွဲ့ကဆိုပြီး ပြောတယ်။ KPAY နဲ့ လွှဲမလား ဒါမဟုတ် ဆိုင်အထိ လာယူရမလား။ ဒီနေရာယူလာပေး စသဖြင့် ပြောလာတယ်။ မပေးရင် အမျိုးမျိုး ခြိမ်းခြောက်တော့ တချို့က ဆိုင်ပိတ်သွားတာရှိတယ်။ တချို့လည်း တခြားနေရာရှောင်တာတို့ ဖုန်းနံပါတ်ပြောင်းလိုက်တာတို့ လုပ်တယ်” လို့ ပြောပါတယ်။

ဟိုပုံးမြို့ပေါ်မှာ အခုလက်ရှိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမဲ့ ဟိုပုံးမြို့နယ် အရှေ့ဘက်မှာတော့ တိုက်ပွဲပြင်းထန်နေသလို မြို့ပေါ်တွေမှာတော့ PNA ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့က နေရာအစုံယူထားနေပြီး မြို့တွင်းမှာလည်း ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။

ဟိုပုံးမြို့မှာ အခု ဆီဆိုင်နဲ့ မဲနယ်တောင်ဒေသက စစ်ရှောင်  ၁၀၀၀၀ ကျော်လည်း လာရောက်ခိုလှုံနေပြီး တိုက်ပွဲဖြစ်လာမှာကို မြို့ခံနဲ့ စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013