ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ မဟာဗန္ဓုလလမ်း နဲ့ ဗိုလ်ရွဲလမ်းထောင့်က စည်ပင်အမှိုက်ပုံနားမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကို ဒီနေ့ ညနေ ၃ နာရီကျော်က တွေ့ရှိပြီးနောက် စစ်တပ်က ဖောက်ခွဲဖျက်ဆီးကာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ညနေ ၃ နာရီကျော်က လသာမြို့နယ် အမှတ် ၆ ရပ်ကွက် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်ရွဲလမ်းထောင့်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကို တွေ့ရှိခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အမှိုက်ပုံနားမှာ ဗုံးတွေ့တယ်ဆိုပြီး တာယာကွင်းတွေချပြီး အသက်မဲ့အောင်လုပ်တာ၊ ရပ်ကြည့်မိတဲ့ လမ်းသွားလမ်းလာတွေကိုလည်း ဆဲဆိုနေတယ်။"
စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အဆိုပါအနီးဝန်းကျင်ရှိ CCTV တွေကို တောင်းယူကြည့်ရှုဖို့ လသာမြို့မရဲစခန်းကို ပြောဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လသာမြို့နယ်က ကျောက်တံတားခရိုင်ထဲမှာပါတော့ စစ်တပ်က ဒုဗိုလ်မှူးကြီးတယောက်က ဗုံးလာထောင်တဲ့သူကို မတွေ့တွေ့အောင်ရှာပေးဖို့ လသာရဲစခန်းကို ဖိအားပေးပြောဆိုသွားတယ်။ အနီးဝန်းကျင်က CCTV ကနေ တဆင့်လိုက်ရှာဖို့ပြောတယ်။"
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနဲ့ လှိုင်သာယာမြို့နယ်တို့မှာ ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။