Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌ စစ်တပ်က ရွာသားများကိုဖမ်းဆီးပြီး ရွာမီးရှို့၊ ထီးလင်းမြို့နယ်တွင် စိတ်ဝေဒနာရှင် ၂ ဦးအပါဝင် ၄ ဦး ပစ်သတ်ခံရ
DVB
·
March 21, 2023
336746483_1189346795076127_4393387184241658045_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မီးလောင်ကျွန်းရွာကို မတ် ၁၉ ရက် မနက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ကာ ဒေသခံ ၁၅ ယောက်ကို ဖမ်းဆီးပြီး ရွာမီးရှို့ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက "ဖမ်းခံထားရတာတော့ ၁၅ ယောက်လောက်ရှိတယ်။ ထွက်ပြေးကြတာတွေလည်း ရှိတယ်။ အဲဒီထဲက တယောက်က ပြန်ဖမ်းမိပြီး လက်နှစ်ဖက် ကျည်ထိထားတယ်။ သွေးထွက်လွန်မှာစိုးလို့ လွှတ်ပေးဖို့ တောင်းပန်မှ လွှတ်ပေးလိုက်တာ။ ခုတော့ ဆေးကု နေတယ်"လို့ ပြောပါတယ်။ 

လတ်တလော ဒေသခံ ၁၅ ယောက် ဝန်းကျင် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ခံထားရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မီးလောင်ကျွန်းရွာက နေအိမ်တွေ မီးရှိုခံထားရပြီး ရွာတွင် စစ်တပ် ရှိနေတာကြောင့် မီးလောင်ပျက်စီးတဲ့အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ်မှာလည်း မတ် ၁၆ ရက်နဲ့ ၁၈ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်သတ်ခဲ့လို့ စိတ်ရောဂါဝေဒနါရှင် ၂ ယောက်အပါဝင်  ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထိန်တိုင်းရွာဘက်ကို အင်အား ၂၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မတ် ၁၆ ရက် ညနေ ၄ နာရီကျော်လောက်မှာ ထန်းလှီးပြီးပြန်လာတဲ့ အသက် ၇၀ အရွယ် ဦးကားကျော်နဲ့ စိတ်မနှံ့တဲ့ အသက် ၅၃ နှစ်အရွယ် ဦးသန်းထွေးတို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ထိန်တိုင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းက မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီလောက်မှာ အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင် ကိုသန်းမင်းအောင်နဲ့ ညနေ ၄ နာရီလောက်မှာတောထဲမှာနေတဲ့ အသက် ၄၀ အရွယ် ဦးကိုတင်ကို ကြိုးတွေနဲ့တုတ်ပြီး သေနတ်နဲ့ ပစ်သတ်သွားကြတယ်လို့ ဆိုပါတယ်။

ဒေသခံ တဦးက “ထိန်တိုင်းရွာက ဦးသန်းထွေးကိုတော့ ကားလမ်းဘေးက ရေကန်မှာ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ တဲ့ စစ်သား အလောင်းနဲ့ ခေါင်းပြန်ဖင်ပြန်မြုပ်ထားခဲ့တာ။ ဦးကားကျော်ရဲ့ အလောင်းကိုတော့ ထိန်တိုင်းရွာအဝင် လမ်းခွဲက ချောင်စပ်နားမှာတွေ့ရှိခဲ့တာ”လို့ ပြောပါတယ်။

ဆေးမင်းတောရွာက ကိုသန်းမင်းအောင်ရဲ့ အလောင်းကိုတော့ ဆေးရုံနဲ့ ရွာကြားမှာတွေ့ရှိပြီး ကိုဘိုတင်ရဲ့အလောင်းကိုတော့ ဆေးမင်းတောရွာ အနောက်ဘက်နားက သူ့ရဲ့ ယာခင်းထဲမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ မတ် ၁၆ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄၀ ကျော်လောက် သေဆုံးကာ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ YRA-ထီးလင်းက သိရပါတယ်။

အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013