Home
မြန်မာသတင်း
ပါတီမထောင်ဘဲ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု တာဝန်ခံမည့်သူရှိပါက ပါတီဖျက်သိမ်းပေးမည်ဟု ဦးကိုကိုကြီးပြော
DVB
·
February 28, 2023
Ko Ko Gyi

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို  ဖြေရှင်းနိုင်မယ်လို့ တာဝန်ခံမယ့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရှိပါက ပါတီဖျက်သိမ်းမယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ပါတီထောင်တာကို ဝိုင်းပြီးတော့ ကန့်ကွက်တယ်ဆိုတာ ပါတီမထောင်ဘဲ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ တာဝန်ခံမယ့်၊ အာမခံမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းရှိရင် ထွက်ခဲ့ပါ။ ကျနော်တို့ပါတီ အချိန်မရွေး ဖျက်သိမ်းပေးမယ်။ တခါတည်းကြေညာလိုက်တာ။”

ပါတီမထောင်ဘဲ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု တာဝန်ခံမည့်သူရှိပါက ပါတီဖျက်သိမ်းပေးမည်ဟု ဦးကိုကိုကြီးပြောကြားခဲ့ပေမဲ့ စစ်အာဏာရှင်လက်အောက်မှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပါက လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့ ပြောမသွားပါဘူး။

ပြည်သူ့ပါတီ (PP) နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) ပါတီ ပူးပေါင်းပြီး ပါတီမှတ်ပုံပြန်တင်ဖို့နဲ့ ဆုံးဖြတ်ခဲ့တယ်လို့  (NUDP) ပါတီခေါင်းဆောင် မအူပင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်းက ပြောပါတယ်။

“ပြည်သူ့ပါတီနဲ့ ကျနော်တို့ပါတီ ပေါင်းတာ ပြည်သူ့ပါတီကို အင်အားကြီးထွားဖို့အတွက်။ အခုချိန် ဘယ်သူ ဘယ်နေရာဆိုတာ ပြောဖို့စောသေးတယ်။ ပူးပေါင်းဆောင်သွားမှာပါ။ လတ်တလော ပါတီမှတ်ပုံတင်ဖို့ ပြင်ဆင်နေပါတယ်။”

စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့ပြီး  နိုင်ငံတဝန်းစည်းရုံးမယ့်ပါတီဟာ ပါတီဝင်တသိန်းနဲ့ ပါတီရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ရှိရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

ကိစ္စနဲ့ပတ်သတ်လို့ ပါတီနှစ်ခုလုံးမှာရှိတဲ့ ပါတီဝင်အင်အားစာရင်းကို ပေါင်းကာ လိုအပ်တဲ့ ပါတီဝင်အသစ်တွေကို ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စည်းရုံးသွားမယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013