ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ခြောက်လမ်းသွားလမ်းမကြီးဘေး၊ ငါးပြေမကျေးရွာနားက ချောင်းထဲမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက စက်လှေတိမ်းမှောက်ပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံ ပရဟိတအဖွဲ့က ပြောပါတယ်။
ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “မိတ်ဆွေတယောက်က ထမင်းစားဖိတ်လို့ သွားရာကနေ စက်လှေအရှိန်မထိန်းနိုင်ဘဲ မှောက်တာ၊ ၁၂ ရက်နေ့ ညပိုင်းက အလောင်းတလောင်း ဆယ်ယူနိုင်ခဲ့ပြီး ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ကျန်ရှိတဲ့ နောက်တလောင်းကို ဆယ်ယူနိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ နစ်မြုပ်သွားတဲ့ စက်လှေပေါ်မှာ အမျိုးသား ၆ ဦး လိုက်ပါစီးနင်းလာတာဖြစ်ပြီး အဲဒီထဲက အမျိုးသား ၂ ယောက် သေဆုံးခဲ့ကာ အဲဒီချောင်းက ရေနက်တဲ့ချောင်းဖြစ်ပြီး ရေအတိမ်ပိုင်းမှာတောင် ၁၅ ပေလောက် နက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သန်လျင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။