ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စက်လှေတိမ်းမှောက်လို့ ကလေးတယောက် သေဆုံးကာ တယောက် ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အမှတ် ၃ တူးမြောင်းထဲမှာ လူ ၉ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ မနက် ၁၁ နာရီလောက်မှာ တိမ်းမှောက်ခဲ့တာကြောင့် ခုချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကလေး အလောင်းတလောင်းတော့ ပြန်ရပြီ၊ နောက်ကလေးတယောက်ကတော့ ပျောက်နေတုန်းပဲ။ သူတို့လည်း လိုက်တော့ရှာနေတယ်၊ ပျောက်တာ တနာရီကျော်ပြီဆိုတော့ စိတ်ပူရတဲ့ အနေအထားမှာရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်လှေတိမ်းမှောက်မှု ဖြစ်ပွားတဲ့နေရာကို ဆားမလောက်မီးသတ်စခန်းက မီးသတ်တွေ လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားတဲ့ ကလေးရဲ့ အလောင်းကို ဆားမလောက်ဆေးရုံကို ပို့ဆောင်ထားပါတယ်။