Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ
DVB
·
December 30, 2022
321607484_1920275281653718_4715654037706196887_n

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ၂ နှစ်လောက် ဖမ်းဆီးချုပ်နှောင်ပြီးနောက်  ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူ တစ်ဦးက  “ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို ပြောင်းလိုက်တယ်လို့ သိရပါတယ်၊ ဘယ်နေ့က ပြောင်းလဲဆိုတာ မသိရဘူး၊ ဒီဇင်ဘာနောက်ဆုံးအပတ်ထဲမှာ၊ ဝန်ကြီးချုပ်ကတော့ ကျန်းကျန်းမာမာပဲ”လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုနဲ့ ပတ်သက်တဲ့ အမှု ၃ ခုအတွက် မွန်ပြည်နယ်တရားလွှတ်တော်မှာ အယူခံ လျှောက်တင်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို အကျဉ်းထောင် ပြောင်းရွှေ့လိုက်တာကြောင့် အယူခံအမှုတွေအတွက် တရားရင်ဆိုင်ဖို့ အခက်အခဲ ရှိလာနိုင်တယ်လို့  တရားရုံးနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ လူ ၁၀၀၀ ဆံတဲ့ အကျဉ်းထောင် တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဗဟိုအကျဉ်းထောင်အဖြစ် အဆင့်မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မ ၁၃ ခုနဲ့ အမှုဖွင့် တရားစွဲခဲ့တာပါ။

အဲဒီထဲမှာ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊  ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013