ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ်ထပ်မံ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။
ဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဒီဇင်ဘာ ၆ ရက်က အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီးနောက် ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်ခဲ့တာပါ။
“အမှုတမှုအတွက် ထောင်ဒဏ် ၁ နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ထပ်ချတယ်။ ဝန်ကြီးချုပ်ကတော့ ဒီအမှုတွေအတွက် တရားရုံးအဆင့်ဆင့်ကို အယူခံတင်သွားမယ်လို့ ပြောတယ်” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တဲ့ အဲဒီအမှုတွေဟာ တရားစွဲအဖွဲ့အစည်း ခွင့်ပြုအမိန့်မပါတာကြောင့် အမှုတခုလုံးကို ချေဖျက်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက အမိန့်ချပြီးနောက် စစ်ကောင်စီက ပြန်လည်တရားစွဲထားတဲ့ အမှုတွေလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သိရပါတယ်။