Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်အမှု လာမယ့်ရုံးချိန်း အပြီးသတ်အမိန့်ချမည်
lusane
·
November 29, 2022
316416023_2034692250195033_8035055262473787300_n

ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက တရားပြန်စွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာမှုတွေအတွက်  လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ပြီး တရားစွဲဆိုထားတာပါ။

အဲဒီအမှုတွေဟာ တရားစွဲအဖွဲ့အစည်း ခွင့်ပြုအမိန့်မပါတာကြောင့် အမှုတခုလုံးကို ချေဖျက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အမိန့်ချပြီးနောက် စစ်ကောင်စီက ပြန်လည်တရားစွဲထားတဲ့ အမှုတွေကိုလည်း ဖြစ်ပါတယ်။

အဲဒီအမှုတွေအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဒီရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေ့အဖွဲ့က အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။

“’ဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးတယ်လို့ သိရပါတယ်၊ လာမယ့်ရုံးချိန်းမှာ အမိန့်ချမယ်၊ ဝန်ကြီးချုပ်ကတော့ ကျန်းကျန်းမာမာပဲ” လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အရ ပြစ်မှုထင်ရှားရင် အမှုတခုအတွက် ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအပေါ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ထွက်ဆိုထားပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က) နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့  စစ်ကောင်စီက မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013