စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီဇင်ဘာ ၂၀ ရက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၁၉) စက္ကန့်အချိန်မှာ နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် ၁၅ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ပုဗ္ဗသီရိမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။
အဆိုပါငလျင်ကြောင့် လူတွေထိခိုက်တာနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုသတင်းတွေက တော့ မကြားသိရသေးပါဘူး။
အခုရက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်ကလည်း မန္တလေး၊ တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်သွားပါတယ်။
ဒီဇင်ဘာလ ၁၅ ရက် မနက်အစောပိုင်းကလည်း တံတားဦးမြို့အနီးမှာ ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရဲ့ အနောက်ဘက် မိုင် ၂၀ လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။