ရန်ကုန်၊ လသာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ၂၂ လမ်းထိပ်မှာ နိုဝင်ဘာ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက YBS 21 ခရီးသည်တင်ယာဥ် တစ်စီး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အနောက်ပိုင်းတက္ကသိုလ်နဲ့ မော်တင်ပြေးဆွဲနေတဲ့ YBS 21 ခရီးသည်တင်ယာဥ်တစ်စီး အနော်ရထာလမ်းမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ မီးလောင်ခဲ့တယ်လို့ ရပ်ကွက် နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဘာကြောင့်လောင်လဲမသိဘူး။ ကားတစ်စီးလုံးပါသွားတယ်။ ခရီးသည်တွေလည်း ဆင်းပြေးကြတယ်။ ဒဏ်ရာရတဲ့သူတော့မရှိဘူး"လို့ ပြောပါတယ်။
YBS 21 ခရီးသည်တင်ယာဥ်မီးလောင်မှုကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"မီးလောင်မှုကို စုံစမ်းတုန်း။ လူတွေတော့ ထိခိုက်မှု မရှိဘူး။ ကားကတော့ အကုန်လုံးလောင်သွားပါတယ်။ စစ်ဆေးနေတုန်းပဲ။”
စစ်တပ် အာဏာသိမ်းပြီးနောက် YBS 21 ခရီးတင်ယာဥ်လိုင်းမှာ ခရီးသည်တင်ယာဥ်တချို့ မီးလောင်တာ ဗုံးပေါက်တာတွေ မကြာခဏဖြစ်ခဲ့ပါတယ်။