Home
မြန်မာသတင်း
မော်လမြိုင်မြို့တွင် စစ်တပ်နှင့် PDF အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား
DVB
·
November 14, 2022
315560625_2022473774750214_3716172641636980631_n

အာဏာသိမ်း စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်စပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုဟာ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်က နေအိမ်တလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေကြောင်း ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စီးနင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အချိန်  ၁ နာရီခွဲအကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၃ ဦး ကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံထားရတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဒီဗွီဘီအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။

မော်လမြိုင်မြို့ပေါ် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၈ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့သလို ရပ်ကွက်နေသူတွေကိုလည်း နေအိမ်အပြင်ထွက်ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မော်လမြိုင်မြို့ ဒိုင်ဝန်းကွင်းရပ်ကွက်နဲ့ ဇေယျာသီရိရပ်ကွက်ရှိ လမ်းတချို့ကို ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားသလို မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013