မန္တလေးတိုင်း၊ မြင်းခြံထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်တာ ကျန်းမာရေးအတွက် ဆေးဝါးအလုံအလောက်မရတာတွေ ရှိနေတယ်လို့ ထောင်တွင်းပေးစာတွေအရ သိရပါတယ်။
မြင်းခြံထောင်ကနေ မုံရွာထောင်ကို ပြောင်းမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တန်းစီခေါင်းငုံ့ခိုင်းတာမှာ CDM ကျောင်းဆရာ ကိုဇော်ရဲထွဋ်က ငြင်းဆန်ခဲ့တဲ့အတွက် ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၁၅ ယောက်လောက်က တုတ်နဲ့ရိုက်၊ လက်သီးနဲ့ ထိုးခဲ့ပြီး ခြေချင်းခတ်ခဲ့တယ်လို့ ထောင်တွင်းပေးစာမှာ ဖော်ပြပါတယ်။
အကြမ်းဖက်ရိုက်နှက်မှုကြောင့် CDM ကျောင်းဆရာ ကိုဇော်ရဲထွဋ်မှာ နံရိုးနဲ့ မျက်နှာတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လူ့ဂုဏ်သိက္ခာကျစေဖို့ ရည်ရွယ်အပြစ်ပေးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ၊ အလုပ်ကြမ်း အဓမ္မခိုင်းစေတာတွေနဲ့ ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အကျဉ်းသားတွေရဲ့ နှိပ်စက်ခံတာတွေ ခံရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသမီးအဆောင်ဘက်မှာ အလုပ်ခိုင်းစေခံရလို့ မိုးမိကာဖျားတဲ့ နိုင်ငံရေးအကျဉ်းသူကို ဆေးကုသခွင့်မပေးပဲ ပစ်ထားခံခဲ့ရတယ်လို့ သိရပါတယ်။
“ညကျ အဖျားကြီးပြီး အတွင်းတက် တက်တာ။ ဘယ်သူမှ လာမကြည့်ကြဘူး။ တဖွဲ့လုံးဝိုင်းအော်မှ ယောက်ျားလေးအဆောင်ဘက်ကို ဖုန်းဆက်ပြီး ဆေးထိုးပေးတာ” လို့ ထောင်တွင်းက ပေးစာမှာ ဖော်ပြပါတယ်။
မြင်းခြံထောင်ရှိ မိန်းကလေးအဆောင်ဘက်မှာ ထောင်အရာရှိ ဒေါ်မြင့်မြင့်ဇော်က နိုင်ငံရေးအကျဉ်းသူတွေအပေါ် အနိုင်ကျင့်တာ၊ အလုပ်မလုပ်ရရေးအတွက် ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
မြင်းခြံထောင်တွင်း အခုလို နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး ထောင်အာာဏာပိုင်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၂၄၄၄ ဦးရှိပြီး ဒီအထဲက ၁၄၇၇ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရပါတယ်။