Home
မြန်မာသတင်း
ဖယ်ခုံတွင် နာရေးသွားသည့် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ
DVB
·
August 25, 2022
300041622_796842178426567_6289565248660087837_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခွီးတလုပ်ကျေးရွာအနီး ဩဂုတ် ၂၄ ရက်ညက  Dumper ကားတစီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားတဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖယ်ခုံမြိုနယ် စနိုက်ခေါင်းစံကျေးရွာက သင်းအုပ်ဆရာတော် ကွယ်လွန်သွားတဲ့အတွက် ဒီးမော့ဆိုမြိုနယ်၊ လိုဘာခိုကျေးရွာက သူ့ဆွေမျိုးမိတ်ဆွေတွေက သွားရောက်ခဲ့ရာ လမ်းမှာ ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သင်းအုပ်ဆရာကောလီ ဆုံးသွားတာ။ အဲဒါ ဆရာကောလီရဲ့အမျိုးတွေက တချို့က လိုဘာခိုမှာ ရှိတယ်။ စစ်ရှောင်လည်း တချို့ရှိတော့ အဲဒီကားနဲ့ အကုန်သွားလိုက်တာ။ မနေ့ညက ခွီးတလုပ်မှာ ကားဘရိတ်ပေါက်ပြီးတော့ မှောက်သွားတယ်။ အလုပ်အတူလုပ်တဲ့ အသိတယောက် ပွဲချင်းပြီး သွားတယ်။ နှစ်ယောက် ဆုံးတယ်။ လေးယောက်က အသည်းအသန်ပေါ့နော်။ မနေ့ည ၉ ခွဲကတည်းက လေးယောက်က အသည်းအသန်ဖြစ်နေတယ်။ ၄၀ ကျော်တောင်မှ ဒဏ်ရာရတယ်။ ဆီးဘူးဆေးရုံမှာ ပို့ထားတယ်။”

အဆိုပါကျေးရွာတွေဟာ ကယန်းလူမျိုးအများစု နေထိုင်ကြပြီး သွားလာတဲ့အခါမှာ Dumper ကားကြီတွေကို အသုံးပြုသွားလေ့ရှိကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ဆီးဘူးရွာနဲ့ သိပ်မဝေးတဲ့အတွက် ဒဏ်ရာရသူတွေကို ဆီးဘူးဆေးရုံမှာပဲ ပို့ဆောင်ကုသထားပြီး အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားတဲ့ လိုဘာခိုကျေးရွာသား နှစ်ယောက်ရဲ့ ရုပ်ကလာပ်ကိုတော့ လိုဘာခိုကျေးရွာမှာပဲ ပြန်လည်ပို့ဆောင်ထားပါတယ်။

ရှမ်း-ကယားနယ်စပ် ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်က ကယန်းတောင်တန်းဒေသတွေမှာ တောင်မြင့်တဲ့အတွက် ကားလမ်းတွေဟာ အန္တရာယ်များတဲ့နေရာဖြစ်သလို မနေ့က အခင်းဖြစ်ပွားတဲ့ ခွီးတလုပ်ကျေးရွာအနီးမှာ မကြာခဏ ယာဉ်တိမ်းမှောက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013