Home
မြန်မာသတင်း
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်၏ ပြောဆိုချက် စစ်ကောင်စီ ကန့်ကွက်
DVB
·
August 12, 2022
wanna

မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ ဆိုင်ဖူဒင်ရဲ့    ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး  ပြင်းထန်စွာ ကန့်ကွက်တဲ့ အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၈ ရက်က ကျင်းပတဲ့  အာဆီယံနေ့အခမ်းအနားနဲ့ ဩဂုတ် ၁၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြန်မာအတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ကြဖို့  အာဆီယံအဖွဲ့ဝင်တွေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က  တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်မဲ့ ပြောကြားချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း ဒီလို မဆင်မချင်ပြောကြားချက်တွေဟာ နိုင်ငံတွင်း မငြိမ်မသက်မှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အားပေးရာရောက်တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး ဒီပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ (င)နှင့်(စ)ကိုလည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာရောက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။   

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်တဲ့ လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ စွပ်စွဲပြောဆိုမှုဟာလည်း မြန်မာနိုင်ငံအနေနဲ့  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA စင်တာ) ကတဆင့်  လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုများကို လျစ်လျူရှုရာရောက်တယ်လို့ဆိုပါတယ်။     

မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့  အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ တာဝန်မဲ့ပြောကြားချက်တွေကို ထပ်ခါထပ်ခါပြောကြားနေမှုတဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့  ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ မလေးရှားနိုင်ငံခြားရေး ဌာနထံ  ကန့်ကွက်စာ ပေးပို့ထားတယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါတယ်။

Photo- MOFA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024