Home
မြန်မာသတင်း
မြန်မာ့အရေး ဆန်းသစ်သည့်နည်းလမ်းဖြင့် အဖြေရှာကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
DVB
·
June 17, 2022
ASEAN India meeting

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ တခြားမိတ်ဘက်နိုင်ငံတွေကပါ အရေးတကြီး ဝိုင်းဝန်းအဖြေရှာကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ဖူဒင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေကြဖို့လိုကြောင်း မလေးရှားက ထပ်မံအသိပေး တိုက်တွန်းပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဆက်သွယ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေး အစရှိတဲ့ တခြားသောနယ်ပယ်အမျိုးမျိုးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားဖို့ သဘောတူခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ရောဂါနောက်ပိုင်း နိုင်ငံအသီးသီးမှာ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေကြရတဲ့အချိန်မှာ နည်းပညာဆိုင်ရာ ကွာဟချက်တွေကို ညှိနှိုင်းကာ ချိတ်ဆက်နိုင်ဖို့၊ လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ဆောင်ရွက်နိုင်ဖို့၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်သွယ်ရေးတို့မှာ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပိုမိုကောင်းမွန်ချောမွေ့လာအောင် ဆောင်ရွက်နိုင်ဖို့တို့ အရေးကြီးတယ်လို့လည်း မလေးရှားဝန်ကြီးက ပြောခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အိန္ဒိယနိုင်ငံနဲ့အတူ ပူးပေါင်းကာ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကာလကြိုရောင်းဝယ်မှု သဘောတူစာချုပ်တွေ အားကောင်းလာဖို့ အကောင်းဆုံးအခြေအနေ ဖြစ်လာအောင် ဆောင်ရွက်သွားကြဖို့ လိုကြောင်းလည်း ဝန်ကြီး ဆိုင်ဖူဒင်က ပြောခဲ့ပါတယ်။

အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဇွန် ၁၆ ကနေ ၁၇ ရက်အထိ ၂ ရက်တာ ကျင်းပနေတာဖြစ်ပြီး မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကိုတော့ အစည်းဝေးတက်ဖို့ အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013