မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ မေလ ၁၄ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ မလေးရှားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံပြီး မြန်မာပြည်သူနဲ့အတူ သွေးစည်းညီညွတ်စွာရပ်တည်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပြန်လည်ရအောင် အတူတကွလုပ်ဆောင်ဖို့ အသင့်ရှိတယ်ဆိုတာ အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်- အာဆီယံ အထူးထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေတက်ရောက်ဖို့ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတာဖြစ်ပြီး NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တရားဝင်ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနဲ့လည်း မေလ ၁၂ ရက်နေ့က တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
အခုလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ဝါရှင်တန်မှာ တွေ့ဆုံခဲ့တဲ့အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Photo Credit-Saifuddin Abdullah