မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာဟာ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးသံတမန် ယိုဟီဆာဆာကာဝါနဲ့ ကွာလာလမ်ပူရဲ့ တောင်ဘက်ရှိ ပူထရာဂျာယာမြို့က ရုံးခန်းမှာ မေ ၁၇ ရက်က တွေ့ဆုံခဲ့ပါတယ်။
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဆာဆာကာဝါနဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ အမြင်တွေ ဖလှယ်ခဲ့ကြပြီး အရပ်သားပြည်သူတွေ လုံးဝ ဘေးကင်းစေရေးအတွက် အပစ်အခတ် ရပ်စဲရေးကို လိုက်နာဖို့ အဖွဲ့အားလုံးအတွက် အရေးပါမှု အပါအဝင် အရေးကြီးအချက် အတော်များများကို သဘောတူညီခဲ့ကြကြောင်း မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးနဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ရေးမှာ သက်ဆိုင်သူအားလုံးကို ပါဝင်စေရေးတို့အတွက် ဂျပန်နိုင်ငံဟာ အာဆီယံကို ပံ့ပိုးကူညီဖို့ အဆင်သင့် ရှိနေကြောင်းကို ဆာဆာကာဝါဆီက ကြားရတာ အားရစရာပါပဲလို့လည်း ရေးသားခဲ့တာပါ။
ဆွေးနွေးမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အားကောင်းလာစေဖို့ နိုင်ငံတကာရဲ့ ပါဝင်မှုကို ဖိတ်ခေါ်တာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတခု ဖန်တီးတာကို အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းကို သူတို့နှစ်ဦးစလုံး သဘောတူခဲ့ကြကြောင်းလည်း မလေးရှားဝန်ကြီးက ပြောထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ မေ ၁၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ မလေးရှားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံပြီး မြန်မာပြည်သူနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်ရအောင် အတူတကွ လုပ်ဆောင်ဖို့ အသင့်ရှိတယ်ဆိုတာ အလေးထား ပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။