၁။
မြို့ဆိုးမြစ်ဆိပ်တွင် စက်လှေတစ်စင်းသာ ဆိုက်ထားသည်ကို တွေ့ရသည်။ စစ်တောင်းမြစ်ကြီးမှာ လူတွေ၏ သောကအထွေထွေကို သတိမူမိဟန်မတူ တိတ်ဆိတ်ညင်သာစွာ စီးဆင်းနေသည်။
ကုန်းထိပ်က မုန့်ဟင်းခါးဆိုင်တဲရှေ့ သွားရပ်တော့ စက်လှေသမား ကိုကျော်ဝင်းကို တွေ့ရသည်။ သူက တဲအပြင်ဘက် ခေါင်းငုံ့ထွက်ရင်း ကျနော့်ကိုနှုတ်ဆက်သည်။
“ရွာပြန်မလို့လား ဆရာလေး”
“အဲ ခင်ဗျားနဲ့တွေ့တာအတော်ပဲ၊ ဟိုမှာ ဆိုက်ထားတာ ခင်ဗျားစက်လှေ မဟုတ်လား”
“ဟုတ်တယ် ဆရာလေး၊ ဒီနေ့ ဘယ်စက်လှေမှ မထွက်ကြဘူး။ ကျနော် တစ်စီးတည်းပဲ ရှိတယ်။ ခရီးသည်လည်း တော်တော်ပါးတယ်။ ခဏနေ ထွက်မယ် ဆရာလေး”
ကျနော်က ကိုကျော်ဝင်းကို စကားဆက်မပြောသေးဘဲ တဲနှင့်ခွာ၍ သွားရပ်လိုက်သည်။ ကိုကျော်ဝင်းက ကျနော့်မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကာ ကျနော့်ဘေးနား လာရပ်၏။
“ဒီနေ့ ခင်ဗျားစက်လှေကို ကျနော် စင်းလုံးငှားချင်တယ် ဖြစ်မလားဗျ”
“ဖြစ်တော့ဖြစ်တယ် ဆရာလေး၊ ဒါပေမဲ့ ခရီးသည် နှစ်ယောက်တော့ ရှိနေတယ်။ သောင်တန်းပြန်ကြမှာ အဲဒါ တင်ခေါ်လို့ရမလား ဆရာလေးက ဘာတင်မှာလဲ”
“ရတယ် ခေါ်ခဲ့ပါ။ ကျနော်က ဓာတ်စက်နဲ့ ကျနော်ပဲ လိုက်မှာ၊ ခင်ဗျားကို ပြောစရာတော့ရှိတယ်၊ ဒီနေ့ ကျနော်တို့ ရေအိုးစဥ်ကျေးရွာအုပ်စု သပိတ်စမှောက်ကြမလို့၊ အဲဒါ စက်လှေပေါ် ဓာတ်စက်တင်ပြီး စစ်တောင်းမြစ်ဘေးတလျှောက် ရွာတွေ ဓာတ်စက်နဲ့လိုက်စည်းရုံးဆော်သြမလို့ အဲဒါ ခင်ဗျားစက်လှေ ငှားလို့ ဖြစ်မလားဗျ”
ကိုကျော်ဝင်းက တချက်မျှ အံ့အားသင့်ကာ ရုတ်တရက်စကားမပြန်သေး။
“ဖြစ်တယ် ဆရာလေး။ ဓာတ်စက်က ဘယ်မှာလဲ။ တခြား ဘယ်သူပါသေးလဲ။ ဘယ်သူ ဟောမှာ ပြောမှာလဲ”
“ဓာတ်စက်ကတော့ ဒီမြို့စိုးက ဓာတ်စက်ပဲ၊ ကျွဲပွဲမှာ၊ ဘယ်ဓာတ်စက်မှ ငှားမရတော့ဘူး။ ရဲစခန်းက တမြို့လုံး လိုက်သိမ်းထားတယ်။ ဟောမှာက ကျနော်တစ်ယောက်တည်းပဲ ရပါတယ်။ ကျနော် ပြောတတ်ပါတယ်။ ခင်ဗျား သဘောတူရင် ဓာတ်စက်သွားထမ်းကြရအောင်ဗျာ”
“ဟုတ်ကဲ့ ကျနော် စက်လှေခ မယူပါဘူး ဆရာလေး”
ကျနော်နှင့် စက်လှေသမားကိုကျော်ဝင်း ဓာတ်စက်သွားယူကြတော့ ဓာတ်စက်ဆရာက ဓာတ်စက်သာ ငှားပြီး လူကမလိုက်ရဲဘူးဟု ဆိုနေပြန်သည်။ ထို့ကြောင့် ဓာတ်စက်ကို ကိုကျော်ဝင်း၏ အကူအညီဖြင့် ကိုယ်တိုင်ပဲဖွင့်ဖို့ဆုံးဖြတ်ပြီး ဓာတ်စက်ပစ္စည်းများထမ်းကာ လှေဆိပ်သို့ ဆင်းချလာခဲ့ကြ၏။
လှေဆိပ်တွင် ရောက်နှင့် နေသူခရီးသည်နှစ်ဦးကို မပြောမဖြစ်သည့်အတွက် သပိတ်မှောက်ဆန္ဒပြပွဲ လိုက်လံနှိုးဆော်မှာဖြစ်ကြောင်း ရှင်းပြရ၏။ ခရီးသည်နှစ်ဦးစလုံး မျက်စိပျက်မျက်နှာပျက်ဖြစ်ကာ မလိုက်ရဲကြတော့ဘဲ ကုန်းပေါ် ပြန်တက်သွားကြ၏။
ဓာတ်စက်တင်လှေပေါ်တွင် ကျနော်နှင့် ကိုကျော်ဝင်းတို့နှစ်ယောက်သာ ပါလာခဲ့၏။ စက်လှေကို ကမ်းမှခွာလိုက်သောအခါ ကျနော်က ပြောရ အော်ရမည့် စကားလုံးများကို စိတ်ထဲ အဆင်သင့် စီနေရ၏။
၂။
“စစ်တောင်းမြစ်ကမ်းနှစ်ဖက်မှာ ရှိကြတဲ့ အဖိနှိပ်ခံ တောင်သူလယ်သမားအပေါင်းတို့ ခင်ဗျား၊ ရေကျော်ကျေးရွာမှာ နေထိုင်ကြတဲ့ လေးစားအပ်သော အဖိနှိပ်ခံ တောင်သူလယ်သမားအပေါင်းတို့ ခင်ဗျား...မနက်ဖြန် ရှစ်ရက် ရှစ်လ ၁၉၈၈ ခုနှစ်နေ့ဟာ ကျနော်တို့ မြန်မာတနိုင်ငံလုံး မြို့ရွာကျေးလက်အနှံ့ တောင်ပေါ်မြေပြန့်အနှံ့ လူထုကြီးတရပ်လုံးက တပါတီ အာဏာရှင်စံနစ်ဆိုးကြီးကို တွန်းလှန်ဖြိုချဖို့ သပိတ်တိုက်ပွဲ တခဲနက်ဆင်နွှဲကြတော့မယ့် ရှစ်လေးလုံးနေ့ ဖြစ်ပါတယ်၊ အားလုံးသိရှိ ခံစားထားကြပြီးဖြစ်သည့်အတိုင်း ကျနော့်တို့ပြည်သူတွေ ကျနော်တို့ တောင်သူလယ်သမား ဆင်းရဲသားနင်းပြားအားလုံးဟာ နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ်နီးပါး တပါတီအာဏာရှင် စနစ်ဆိုးကြီးရဲ့ အောက်မှာ အဖိနှိပ်ခံရ ခေါင်းပုံဖြတ် သွေးစုပ်ခံနေကြရတဲ့ဘဝကနေပြီး လွတ်မြောက်ဖို့အတွက် မနက်ဖြန်ကစပြီး စစ်တောင်းမြစ်ဘေး ကျေးရွာအားလုံး သပိတ်တိုက်ပွဲ ပါဝင်တိုက်ပွဲဝင်ကြဖို့ ကျနော်တို့ သပိတ်တိုက်ပွဲကော်မီတီအနေနဲ့ လိုက်လံနှိုးဆော်အပ်ပါတယ်ခင်ဗျား။”
ဓာတ်စက်သံမှာ စစ်တောင်းမြစ်ကမ်းနှစ်ဘက် ကျေးရွာများပေါ် ရေလှိုင်းများလို ကျော်လွှား လွှမ်းခြုံသွားနေလေသည်။ ရုတ်တရက်ဆိုသလို ကျိန်တောမြောင်ရွာ မြစ်နဖူးထိပ်တွင် လူနှစ်ဆယ်ခန့် ထွက်ပြီးရပ်ကြည့်၏။ တချို့က စက်လှေဆီသို့ လက်များမြှောက်ပြကာ အော်ဟစ်ကြ၏။
“ဆရာလေး ရေကျော်ရွာထိပ် ကမ်းပါးနားမှာ စစ်တပ်ဂိတ်ရှိတယ်နော် သတိတော့ထားမှ ဖြစ်မယ်နော်”
ကိုကျော်ဝင်းက စက်လှေကို ရေကျော်ရွာဘက်ကမ်းနှင့် ဝေးအောင် ခွာပြီးမောင်းနေ၏။ ထိုစဥ်မှာပင် ရွာထိပ် စစ်တပ်ဂိတ်ဆီမှ သေနတ်သံနှစ်ချက် ဆက်တိုက် ထွက်လာလေသည်။
“ဟာ ဆရာလေး ပစ်နေပြီ၊ ဖြစ်ပါ့မလား၊ တကယ်ပစ်နေပြီ”
“ဘာမှမဖြစ်ဘူး ကိုကျော်ဝင်း၊ ဒီကောင်တွေ ကျနော်တို့ကို တည့်တည့်ပစ်တာမဟုတ်ဘူး။ ကျော်ပစ်နေတာ။ စက်လှေကို အရှိန်သပ်ပြီး စစ်တပ်ဂိတ်ကို ဦတည်ထား၊ ခပ်ဖြည်းဖြည်းပဲမောင်း”
စက်လှေဦးက သေနတ်သံထွက်ပေါ်လာရာ စစ်တပ်ဂိတ်ဆီ ဦးတည်ထားစဥ် ဓာတ်စက်သံ ထွက်ပေါ်လာခဲ့၏။
“လေးစားအပ်တဲ့ ပြည်သူချစ်တဲ့ တပ်မတော်သားရဲဘော်အပေါင်းတို့ခင်ဗျား ပြည်သူ့တပ်မတော် ရဲဘော်အပေါင်းတို့ခင်ဗျား၊ အခုဆိုရင် ကျနော်တို့တနိုင်ငံလုံး တပါတီအာဏာရှင်စနစ်ဆိုးကို ပါတီကောင်စီစနစ်ဆိုးကို မလိုလားကြတော့လို့ တတိုင်းပြည်လုံး သပိတ်မှောက်ဆန္ဒပြနေကြတာ ရဲဘော်တို့လည်း ကြားသိနေပြီး ဖြစ်ပါတယ်။ ရဲဘော်တို့ဟာ အဲဒီသပိတ်မှောက်ဆန္ဒပြပြီး အဖိနှိပ်ခံ သွေးစုပ်ခံဘဝက လွတ်မြောက်ဖို့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတဲ့ ပြည်သူအားလုံးက ပေါက်ဖွားတဲ့ ပြည်သူ့သားကောင်းများ ပြည်သူချစ်တဲ့တပ်မတော်သားများ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ မိဘပြည်သူတို့ရဲ့ သားကောင်းများပီပီ ပြည်သူ့ဆန္ဒကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြဖို့ စောင့်ရှောက် ကာကွယ်ကြဖို့ လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား "
စစ်တပ်ဂိတ်ဆီမှ မည်သည့်အသံမျှ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့။
ကျနော်တို့ စက်လှေကလေးမှာ စစ်တောင်းမြစ်ဘေး ကျေးရွာ ၁၂ ရွာကို မြစ်ကြောင်းအတိုင်း အစုန်အဆန် နှစ်ခေါက်မျှ လိုက်လံအော်ဟစ်နှိုးဆော်နေခဲ့၏။ ဓာတ်စက်မှတဆင့် လွင့်ပျံလာသည့် စည်းရုံးလှုံ့ဆော်သံများမှာ ကျေးရွာများ ကွင်းများပေါ် ဖြတ်ကျော်ပြေးလွှားသွားနေခဲ့၏။
“လေးစားအပ်တဲ့ တိုက်ပွဲဝင် တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား မနက်ဖြန်ကစပြီး ကျနော်တို့အားလုံးရဲ့ ကျောပေါ်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ခွစီးနေခဲ့တဲ့ တပါတီအာဏာရှင် ပါတီကောင်စီ စနစ်ဆိုးကို တွန်းလှန်ဖြိုချကြတော့မှာဖြစ်ပါတယ်”
“စစ်တောင်းမြစ် ဝဲယာနှစ်ဘက်မှာ နေထိုင်ကြတဲ့ ကျေးရွာအသီးသီးက အဖိနှိပ်ခံ ဆင်းရဲသား တောင်သူလယ်သမားအားလုံး ခင်ဗျား၊ ဒီကနေ့ည ရှစ်နာရီမှာတော့ ကျနော်တို့အပေါ် နှစ်ပေါင်းများစွာ ဖိနင်းထားတဲ့ တပါတီအာဏာရှင် ပါတီကောင်စီ မကောင်းဆိုးဝါးကို နှင်ထုတ် မောင်းထုတ်သောအားဖြင့် ဒီကနေ့ည ရှစ်နာရီတိတိအချိန်မှာ တခဲနက် သံပုံးတီးကြပါရန် အထူးတပ်လှန့်နှိုးဆော်အပ်ပါတယ်ခင်ဗျား”
ကျနော်တို့စက်လှေကလေး စစ်တောင်းမြစ်တလျှောက် လိုက်လံအော်ဟစ်နှိုးဆော်နေစဥ် ကမ်းနှစ်ဘက်ကျေးရွာများဆီက အော်ဟစ်ကြွေးကြော်သံများ ကြားလာရ၏။ ကျေးရွာအားလုံး စစ်တောင်းမြစ်ကမ်းပါးတလျှောက် လူများကမ်းလုံးညွှတ်မျှ အမျိုးမျိုး အော်ဟစ်ရပ်တန့် စုရုံးနေကြသည်ကို တွေ့မြင်လာရ၏။ တချို့က အလံများကို ကိုင်ထားကြ၏။ တချို့က လက်သီးလက်မောင်းတန်းကာ နှုတ်ဆက်ကြ၏။
၃။
ကျနော့်အိမ်ကလေးရှေ့ ပိန္နဲပင်အောက်ကွက်လပ်တွင် ရွာသားတချို့ ဖြာကြမ်းခင်းပြီး ထိုင်နေကြ၏။ အထူးသဖြင့် ကျနော် စာသင်ပေးရသည့် ကျောင်းသားများ၏ မိဘများ ဖြစ်ကြ၏။ သူတို့က စစ်တောင်းမြစ်ထဲ ဓာတ်စက်နှင့် လိုက်အော်နေသော ကျနော့်ကို လှေဆိပ်မှဆင်းကြိုကာ ကျနော့်အိမ်ရှေ့တွင် စုပြီး စကားပြောကြထိုင်နေကြခြင်း ဖြစ်၏။
ကျနော်ကလည်း ရွာအသီးသီးမှ တဖွဲဖွဲရောက်လာနေသော တက်ကြွနိုးကြားသူများနှင့် စကားပြောနေခဲ့ရ၏။
ညနေ နေစောင်းတော့ လူတွေ တစတစ ပြန်သွားကြ၏။ ရွာသားတချို့ကမူ အိမ်မပြန်ကြဘဲ ကျနော့်အိမ်ရှေ့တွင်ပင် စုပြီးထိုင်နေခဲ့ကြ၏။ ထိုင်နေသူအများစုမှာ ကျနော့်ကျောင်းသား မိဘများ ဖြစ်ကြ၏။
ကျနော့်ဇနီးဖြစ်သူ မဒေဝီက အိမ်ပေါက်ဝ လှေကားထိပ်တွင် လူမမယ် သားနှစ်ယောက်ကို ဘေးနှစ်ဖက်တွင်ထားကာ ထိုင်နေသည်ကို မီးခွက်မီးရောင်ဖြင့် မြင်နေရ၏။
နေဝင်သွားသောအခါ ထိုင်နေသောလူအုပ်မှာ စကားသံများ တစတစ တိုးသွား၏။ ရွာထဲမှလည်း ထူးထူးခြားခြား အသံများ တိတ်ဆိတ်နေသည်ဟု ထင်နေမိ၏။
မိုးသားတချို့ကြောင့် ညမှာ မှောင်သထက် မှောင်နေလေသည်။ ရွာထဲက မည်သည့်လူသံမျှ မကြားရ။ ယုတ်စွအဆုံး ခွေးဟောင်သံ ခလေးငိုသံမျှပင် မကြားရ။ လောကကြီးတခုလုံး အမှောင်ထုအောက် ပျောက်ကွယ်လုမတတ် ဖြစ်နေသည်ဟု ကျနော်ထင်မိ၏။
ထိုစဥ်မှာပင် မည့်သည့်နေရာမှဟု မခန့်မှန်းနိုင်သည့်နေရာမှ မိုးချုန်းသံလိုလို တော်လဲသံလိုလို အသံများထွက်ပေါ်လာ နီးလာနေသည်ဟု ထင်ရ၏။ ကျနော်က တဖြည်းဖြည်း နီးလာကျယ်လာနေသည့် အသံများကို မှင်တက်မိနားစွင့်နေစဥ် အိမ်ပေါက်ဝ လှေကားထစ်ဆီက ဆူညံသံ ထွက်ပေါ်လာလို့ လှည့်ကြည့်တော့ ဇနီးဖြစ်သူ မဒေဝီက ဒန်အိုးတလုံးကို တုတ်ဖြင့် အဆက်မပြတ်ခေါက်နေသည်ကို တွေ့လိုက်ရ၏။
နေရာအနှံ့မှ တခဲနက်ထွက်ပေါ်လာနေသည့် သံပုံးတီးသံများမှာ ကမ္ဘာပျက်တမျှ ဆူညံမြည်ဟည်းကာ သောင်ပုရွာကလေးထဲ တိုးဝင်ဖြတ်ကျော် သွားနေလေသည်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
စစ်တောင်းမြစ်ဘေး ကျေးရွာများရဲ့ မမေ့နိုင်သော ရှစ်လေးလုံးအရေးတော်ပုံ နေ့ရက်များသို့...