Home
မြန်မာသတင်း
ထားဝယ်မြို့ ကမ်းနားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
June 19, 2022
289059264_4984740238319145_3232931541824088791_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမ်းနားလမ်းမှာ ဇွန်လ ၁၈ ရက် ညနေ ၄ နာရီလောက်က “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ငြိမယ်” စားသားပါ ဘန်နာလာဖြုတ်တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီကို နေ့စဉ်နဲ့အမျှ နည်းမျိုးစုံနဲ့တော်လှန်နေတဲ့ လောင်းလုံးမြို့နယ် ဒေသခံတွေကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီး သတ်ဖြတ်တာ၊ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး PDF တွေကို တောနင်းရှာဖွေ နေချိန်မှာ အခုလို ဖိုင်းဖောက်ခွဲမှု ဖြစ်ခဲ့တာပါ။

Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့) က “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ငြိမယ်” စာသားပါ ဘန်နာလာဖြုတ်တဲ့ စစ်ကောင်စီတပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်ဝတ်ဝတ်ထားတဲ့ စစ်ကောင်စီတပ်သားကို အရေးပေါ်လူနာတင်ယာဉ်နဲ့ တင်ဆောင်သွားပြီး ဖြတ်သွားဖြတ်လာ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

ထားဝယ်မြို့၊ ဗဟိုလမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီက တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေး CCTV ကင်မရာနှစ်လုံးကိုလည်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့က ထပ်မံပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ကြေညာချက်မှာ‌ ဖော်ပြထားပါတယ်။

အခုဖြစ်စဉ်တွေဟာ ရပ်ကွက်နေပြည်သူတွေနဲ့ လုံးဝမသက်ဆိုင်ဘဲ Guerrilla Dawei(ထားဝယ်ပြောက်ကျားတပ်ဖွဲ့) နဲ့သာ လုံးဝသက်ဆိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်ကို အခု ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့က ကြည်း၊ လေ၊ ရေ အင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ဖိနှိပ်နေမှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံး၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၃၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး နေအိမ် ၃ ဆောင် မီးရှို့ခံထားရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013