Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ပြည်သူပိုင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီ အဓမ္မ ချိပ်ပိတ်
DVB
·
June 3, 2022
Seal House by SAC

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်က ပြည်သူလူထု နေအိမ် စုစုပေါင်း ၄၂ လုံးလောက်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး မေလ တလတည်းမှာပဲ နေအိမ် ၃၀ လောက်  ချိပ်ပိတ်ခံခဲ့ရတယ်လို့ မလှိုင်မြို့ခံတွေက ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေထဲမှာ CDM ပြုလုပ်ထားတဲ့ ဆရာဝန်နေအိမ်နဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ နေအိမ်တွေလည်း ပါဝင်ပါတယ်။ ချိပ်ပိတ်ခံရတဲ့ နေအိမ်အများစုက PDF တွေ၊ UG တွေနဲ့ ပတ်သက်မှုမရှိဘဲ ချိပ်ပိတ်ခံရတာလို့လည်း ဆိုပါတယ်။

မြို့ခံတဦးက “အများစုကတော့ဗျာ CDM သမားတွေ၊ အန်အယ်လ်ဒီထောက်ခံတဲ့သူတွေရဲ့ အိမ်တွေပေါ့ဗျာ။ ကျန်တဲ့အိမ်တွေကတော့ ဒလန်တွေ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်နဲ့ တိုင်ကြတာ။ အဲဒါတွေကို စစ်(--)တွေက ဘာအစစ်အမေးမှမရှိဘဲ လုပ်ကြတာဗျ” လို့ ပြောပါတယ်။

မေ ၉ ရက်က ကျောက်ပန်းတောင်းမြို့၊ ပုပ္ပားနယ်နဲ့ အစပ်မှာရှိတဲ့ လယ်ဗျားအုပ်စုက တောင်ရိုးတဲကျေးရွာနဲ့ လယ်ဗျားကျေးရွာက နေအိမ် ၉ လုံး ချိပ်ပိတ်ခံခဲ့ရတာပါ။

မေ ၁၅ ရက်မှာတော့ ကျွဲခြံအုပ်စု၊ ထနောင်းကိုင်းကျေးရွာက CDM မူလတန်းပြဆရာမ ၃ ဦး အပါအဝင် ဒေသခံ ၆ ဦးကို ဖမ်းဆီးကာ နေအိမ် ၃ လုံးကို ချိပ်ပိတ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ကိုခင်မောင်ချင်း ဆိုသူနဲ့ တိမ်းရှောင်နေရတဲ့ ရွာသားတွေရဲ့ နေအိမ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ထနောင်းကိုင်းရွာမှာ ဒီနေ့အထိ စစ်တပ်က တပ်စွဲထားကာ ရွာအဝင်အထွက်ကို တင်းကျပ်ထားပြီး မေ ၂၇ ရက်မှာ နေအိမ် ၁၀ လုံးကို ထပ်မံချိပ်ပိတ်ခဲ့သေးတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

မေ ၂၇ ရက်မှာ မလှိုင်မြို့ပေါ်က နေအိမ် ၄ လုံးကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ဇွန် ၁ ရက်နေ့မှာတော့ အမှတ် ၁ ရပ်ကွက်က နေအိမ် ၂ လုံးကို ထပ်မံချိပ်ပိတ်ခဲ့တယ်လို့ မလှိုင်မြို့ခံတွေထံက သိရပါတယ်။

ဒါ့အပြင် ကျောက်တန်းကျေးရွာ၊ လယ်တာအိုကျေးရွာနဲ့ ထနောင်းကိုင်းရွာအနီးက ကျေးရွာတရွာက နေအိမ် ၅ လုံးခန့်လည်း ချိပ်ပိတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့အချိန်အထိ မလှိုင်မြို့ပေါ်က နေအိမ်နဲ့ ဆီဆိုင် စုစုပေါင်း ၁၅ လုံးခန့်၊ ကျေးရွာတွေက နေအိမ် ၂၇ လုံးခန့်ကို စစ်ကောင်စီက အဓမ္မ ချိပ်ပိတ်ထားခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီဝင် တိုင်းဒေသကြီးလွှတ်တော်အမတ်ဟောင်း ဒေါ်သီတာငြိမ်းရဲ့ နေအိမ်နဲ့ ဆီဆိုင် နှစ်ဆိုင်ကိုလည်း လွန်ခဲ့တဲ့ ၆ လကျော်လောက်ကတည်းက စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့ မလှိုင်မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013