Home
မြန်မာသတင်း
မူဆယ် ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံဘက် ကြံတင်ပို့ ခွင့်ရ
DVB
·
May 16, 2022
280956532_685340695847260_345394886226984045_n
000000

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံဘက်ကို မေလ ၁၅ ရက်ကစတင်ပြီး ကြံတွေ တင်ပို့ခွင့်ပြုလိုက်ပြီလို့  မြန်မာကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကျင်စန်းကျော့ဂိတ် အသစ်ဖွင့်တဲ့အပေါက်ကနေ  မြန်မာ​ပြည်ဘက်က ကြံကားတွေကို ကရိန်းနဲ့ချိန်ပြီး တရုတ်ပြည်ဘက်ကားပေါ်ကို တင်ပို့တာဖြစ်ပြီး  မနေ့က ကြံတင်ကား  ၇ စီးပို့ခဲ့တယ်လို့  မြန်မာ ကုန်သည် တယောက်က ပြောပါတယ်။

"အုတ်တံတိုင်းတွေဖြိုရတယ်။ ပြီးတော့ လမ်းတွေပါ ညှိရတယ်။ အမြန်လုပ်နေရတာဗျ။ ကြံ ကားတွေက ready ဖြစ်နေပြီ။ အခုက ကားတွေဝင်ဖို့အတွက် ကရိန်းတွေ အထိုင်ချဖို့ လုပ်နေရတာဗျ။ အခု အသစ်ဖွင့်တဲ့အပေါက်က ကြံသီးသန့် ဝင်မှာပါဗျ။ ပန်ဆိုင်း ဂိတ်ပေါက်က မဖွင့်‌ သေးဘူးဗျ။" လို့ မြန်မာလုပ်ငန်းရှင်တယောက်က ရှင်းပြပါတယ်။ 

အရင်နှစ်ကတော့ မူဆယ်မြို့နယ် မြန်မာ-တရုတ် နယ်စပ် တကြောရှိ ကြံအများစုကို ကြူကုတ် (ပန်ဆိုင်း) - ဝမ်တိန် ဂိတ်ပေါက်ကနေ တင်ပို့ခဲ့တာပါ။ 

တရက်ကို အနည်းဆုံး ကြံတင်ကား အစီး ၅၀ ဝင်နိုင်အောင်ကြိုးစားမှာဖြစ်ပြီး မနေ့ကမှ စဝင်တာဆိုတော့ ဘယ်လောက်လောက် ဝင်မယ်လို့တာတော့ မသိသေးကြောင်း မြန်မာ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာဘက်က အနည်းဆုံး ကြံတန်ချိန် ၁ သိန်းခွဲ၊ ၂ သိန်းနီးပါး တင်ပို့ဖို့ရှိပြီး အခုလ မေလမှာ နောက်ဆုံး အနေနဲ့ ပို့ရမှာဖြစ်တယ်လို့ ကြံကုန်သည်ကပြောပါတယ်။

"အခုလကုန်ထိပဲ ကြံတွေဝင်ခွင့်ပေးမယ် ပြောတယ်။ ဒါ့ကြောင့်မို့လို့ အမြန်ဆုံး တင်ပို့မှာ။ ရက်ကလည်း မရှိတော့ဘူးလေ။ ၁၅ ရက်လောက်ပဲ ရှိတော့တာ။ ၁၅ ရက်အတွင်းမှာ တန် ဘယ်လောက် ဝင်နိုင်မလဲ မသိဘူး။ ကြံကား ၁ စီးကို တန် ၂၅ တင်နိုင်တယ်။"

အခုနှစ်မှာ တရုတ်ဘက်က ကြံတင်ပို့ဖို့ လက်ခံတာ နောက်ကျခဲ့သလို မိုးရွာသွန်းမှုတွေကြောင့် ကြံတင် ယာဉ်မောင်းတွေလည်း မကြာခဏ ကားတိမ်းမှောက်မှု ဖြစ်ပြီး အခက်အခဲ ဖြစ်ရတဲ့အပြင် ကြံခြံပိုရှင်တွေလည်း ငွေကုန်ကြေးကျတွေများလို့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကလည်း မူဆယ်မြို့ရှိ မန့်ဝိန်း - ကျယ်ဂေါင်ဂိတ် ပိတ်လိုက်တာကြောင့် မူဆယ်မြို့နယ်ထဲက ကြံတချို့အပါအဝင် နမ့်ခမ်း၊ မန်ဝိန်းကြီးမြို့တွေ‌ထဲက ကြံတန်ချိန် သောင်းချီ မတင်ပို့နိုင်ပဲ စွန့်ပစ်ခဲ့ ရပါသေးတယ်။

Photo Crd# မောင်းကု 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013