Home
မြန်မာသတင်း
ဘီးလင်း လေးကေနှင့် ဝင်းတာပန်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
May 1, 2022
279274112_1867736910223902_1669314389107698874_n

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ် လေးကေနဲ့ ဝင်းတာပန်ကျေးရွာကို မေ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲလောက် စစ်ကောင်စီက စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လာတယ်လို့ KNU တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ စစ်ရဟတ်ယာဉ် ၂ စီးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေရှိနိုင်တဲ့ နေရာတွေကို  ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်မှု တစုံတရာ ရှိ မရှိ ဆိုတဲ့ မြေပြင်အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

ရဟတ်ယာဉ် ၂ စီးဟာ ဘီးလင်းမြို့နယ် လေးကေနဲ့ ဝင်းတာပန်ကျေးရွာ ၂ ရွာကို နာရီဝက်လောက်အကြာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကလည်း လေးကေနဲ့ ဝင်းတာပန်စခန်းကို တပ်အင်အား ၁၀၀ ထပ်မံ ဖြည့်တင်းထားတာ ဖြစ်ပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီ လေးကေနဲ့ ဝင်းတာပန်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေး ပိုမို တင်းမားနေသလို အခုအခါမှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လာခဲ့တာပါ။

ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်စစ်ရေး တင်းမားနေတာကြောင့် ဒေသခံ ၇၀၀၀ ကျော် နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013