Home
မြန်မာသတင်း
လားရှိုးနှင့် နွားထိုးကြီးမြို့တို့တွင် စစ်တပ်က ဗုံးကြဲသဖြင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
September 27, 2024
photo Crd-NWS, FYV
photo Crd-NWS, FYV
photo Crd-NWS, FYV
photo Crd-NWS, FYV
photo Crd-NWS, FYV
photo Crd-NWS, FYV

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ကို စက်တင်ဘာ ၂၇ ရက် မနက် ၃ နာရီခွဲကျော်လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “လေယာဉ်နဲ့ ဗုံး ၃ ကြိမ် လာကြဲသွားတယ်။ ရပ်ကွက် ၂ တကောင်းလမ်းဘက်ရယ်၊ ရပ်ကွက် ၁ ရန်တိုင်းအောင်ဘက်ရယ်၊ မြို့မဈေး ဆေးရုံကနေဆင်းရင် ညာဘက် ချယ်ရီရုံရယ် ထိတယ်။ လူက လက်ရှိ ၂ ဦး သေဆုံးပြီး ၅ ဦး ထက်မက ဒဏ်ရာရထားတယ်လို့ပဲ ကနဦး သိရတယ်။ လတ်တလော ဖုန်းခါ်လို့ မရတော့ဘူး” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက် ၃ နာရီ ၃၆ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၄၀ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၅၀ မိနစ်မှာ တကြိမ် ကြဲချခဲ့တယ်လို့ သူက ပြောပါတယ်။

လားရှိုး ရပ်ကွက် ၂ ဘုရားကြီး နောက်ကျော တကောင်းလမ်းရှိ Green Park ဟိုတယ်နား ပထမ တကြိမ် ဗုံးကျခဲ့တာကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီး သွားခဲ့ပြီး ဒုတိယတကြိမ်က မြို့မဈေးထဲ နဲ့ တတိယ တကြိမ်က ရပ်ကွက် ၁ နယ်မြေ ၈ ကျောက်တာင်ဘက်က ရန်တိုင်းအောင် ဘုရားအနီး ကျတယ်လို့ ဆိုပါတယ်။

ဒေသခံနောက်တယောက်က  “လေယာဉ်ဗုံးက လားရှိုး မြို့မစျေးထဲကျတယ်။ ရပ်ကွက် ၁ နယ်မြေ ၈ ထဲလည်း ကျတယ်။ ရပ်ကွက် ၂ ဘုရားကြီး နောက်‌က ကောင်းလမ်းထဲလည်း ကျတယ်။ ပြည်သူ အထိအခိုက်ရှိတယ်။ သေဆုံးမှုလည်း ရှိတယ်။ ကျောက်တောင်နဲ့ မြို့မစျေး အထိခိုက်များတယ်” လို့ ပြောပါတယ်။

မြို့မဈေးမှာတော့ လူအထိအခိုက် မရှိပေမဲ့ ဆေးရုံကုန်းရဲ့ ညာဘက်ဈေးရုံ ပထမရုံ မီးလာင် သွားတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့တယ်လီဂရမ် ချန်နယ်တွေမှာတော့ လားရှိုးမှာ စက်တင်ဘာ ၂၇ ရက် မနက် ၃ နာရီခွဲကျော်က လေယာဉ်နဲ့ ဗုံးတွေကြဲချခဲ့ပြီး အနိမ့်ပျံကာ စစ်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

လားရှိုးကို ဩဂုတ် ၃ ရက်က ကိုးကန့် (MNDAA) နဲ့ ပူးပါင်းတပ်ဖွဲ့ အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ပေါ်ကို ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိ လေကြောင်းနဲ့ ၇ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။ 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ရွာကြီးကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွာခံတယောက်က “ရွာမြောက်ဘက်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ဆက်တိုက်ကြဲသွားတယ်။ ဂျက်ဖိုက်တာဆိုတဲ့ လေယာဥ်နဲ့ဆိုလားပဲ။ ကျောင်းဆောင်တချို့တော့ ပျက်စီးတယ်တဲ့။ ဘုန်းကြီးနဲ့ ဦးဇင်းတွေ၊ ကိုရင်တွေတော့ ဘာမှမဖြစ်ဘူးလို့ကြားတယ်နော်။ အတိအကျသိချင်ရင်တော့ မနက်မှသိရမှာ။ ညကြီးမင်းကြီးဆိုတော့ ဘာမှလုပ်လို့မရဘူး” လို့ DVB ကို ပြောပါတယ်။

ရွာကြီးကျေးရွာ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ဘာသတင်းရလို့လည်း မသိဘူး၊ တိုက်ပွဲဖြစ်တာလည်းမရှိဘူး၊ အစည်းအဝေးတွေ ဘာတွေလုပ်တာလည်း မရှိဘဲနဲ့ ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံးကြဲသွားတာဗျ။ လေယာဥ်ကဗုံးကြဲပြီး ရွာကိုပတ်ကြည့်သွားသေးတယ်။ ကျနော်တို့ဆီက ဆေးအဖွဲ့တွေ အဲဒီရွာကိုသွားနေကြပါပြီ။ သူတို့ဆီက ပြန်ဆက်သွယ်လာမှ အခြေအနေကို အတိအကျသိရမှာပါ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် သြဂုတ်လ ၁၀ နေ့က စတင်ခဲ့ကာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ဟာလည်း အဆိုပါမြို့နယ်တွေမှာရှိတဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကိုပ စ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013