သို့/
ရဲဘော်အပေါင်းတို့...
အသက်ပေးပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ရဲဘော်များနဲ့ မိဘပြည်သူများကို ကျနော်တို့ (နိုင်ကျဥ်း)တွေက အမြဲဆုတောင်းပေးနေပါတယ်။ ကျနော်တို့ဟာ ခံယူချက်၊ လုပ်ဆောင်ချက်တွေ မတူနိုင်ပေမဲ့ လိုချင်တဲ့ ပန်းတိုင်ရည်ရွယ်ချက်ဟာ အတူတူပဲမို့ ခံစားချက်ချင်း၊ နာကြည်းချက်ချင်း တူကြမယ်လို့ယုံကြည်ပါတယ်။ ကျနော်တို့တွေရဲ့ရန်သူဟာ 'စစ်အာဏာရှင်စနစ်' တခုတည်းပါ။ တော်လှန်ရေးအဖွဲ့တွေ သီးခြားဖြစ်နေတာဟာ၊ ခံယူချက်မတူတာဟာ၊ လုပ်ဆောင်ချက်မတူတာဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ ကိုယ့်ရဲ့ လုပ်ဆောင်ရမည့်တာဝန်ကိုသာ ထိရောက်အောင်လုပ်ဆောင်ပါ။ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲတာနဲ့ပဲ အချိန်ကုန်ရတာထက် အချင်းချင်းညှိယူဖို့ တိုက်တွန်းချင်ပါတယ်။ အချင်းချင်း တိုက်ခိုက်မနေပါနဲ့လို့ ပြောရတာ အားနာပေမယ့် အားမနာတမ်းပြောရမယ့် အဖွဲ့တွေလည်း ရှိတယ်ဆိုတာ ရဲဘော်တို့အသိပါပဲ။
ကျနော်တို့ ရဲဘော်တို့ဟာ ပြည်သူတွေပါ။ ဒီပွဲဟာ ပြည်သူတွေအပေါ် မတရားအုပ်ချုပ်နေတဲ့၊ ခေတ်အဆက်ဆက်ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ပွဲပါ။ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တာမို့ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲတာနဲ့ပဲ့ ပြဿနာဖြစ်ပြီး အချိန်မကုန်ကြဖို့ အကြံပေးချင်ပါတယ်။ ရဲဘော်တို့ ရင်ထဲကခံစားချက်တွေကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ (နိုင်ကျဥ်း)တွေဟာ ချွေးနဲ့တိုက်ပွဲဝင်နေပေမဲ့၊ အသက်ပေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တို့ဟာ ကျနော်တို့ထက် ပိုပြီးပင်ပန်းဆင်းရဲပါတယ်။ ကျနော်တို့ နိုင်ကျဥ်းတွေဟာလည်း ခံယူချက်မတူပေမဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ တူကြတာမို့ အတတ်နိုင်ဆုံးညှိယူပြီး စည်းစည်းလုံးလုံးနဲ့ အကျဥ်းကျကာလတွေကို ကျော်ဖြတ်နေပါတယ်။ ကျနော်တို့တွေနဲ့ ခံစားချက်တူတဲ့၊ ယုံကြည်ရာချင်းတူတဲ့ တခြားအမှု (အကျဥ်းသား)တွေလည်း အများကြီးရှိပါတယ်။ အသားထဲကလောက်ထွက်တဲ့ အုပ်စုအနည်းအကျဥ်း ၁၀ ယောက်မှာ ၁ ယောက်လောက်တော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲကို နိုင်အောင်တိုက်ပေးကြပါ။ လုံးဝသွေးအေးသွားလို့ မဖြစ်ပါဘူး။ ကျနော်တို့ပြည်သူတွေ သွေးအေးမယ်ဆိုတာနဲ့ ထောင်ထဲက ကျနော်တို့လူငယ်တွေရဲ့ ဘဝရော၊ နောက်မျိုးဆက်တွေရဲ့ အနာဂတ်ကို မြင်ယောင်ကြည့်ပါ။ ကျနော်တို့ကို သနားခိုင်းတာ၊ အာရုံစိုက်ခိုင်းတာမဟုတ်ပါဘူး။ တမျိုးသားလုံး စစ်ကျွန်ဖြစ်သွားမယ်လို့ အသိပေးချင်တာပါ။ ဒါကြောင့် ကျနော်တို့(နိုင်ကျဥ်း)တွေဟာ စိတ်ဓာတ်လုံးဝမကျပါဘူး။ ရဲဘော်တို့နဲ့အတူတူ ဖက်ဆစ်စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် တော်လှန်နေပါတယ်။
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်
အရေးတော်ပုံ အောင်ကိုအောင်ရမည်