ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့ ဒီကနေ့ ကြေညာ ပါတယ်။
အနုပညာနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ကျခံရန်ရှိတဲ့ ပြစ်ဒဏ်တွေကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ MRTV ကနေ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒါရိုက်တာ ဝိုင်းကို စွဲထားတဲ့ အမှုကိုလည်း ပိတ်သိမ်းပေးလိုက်ပြီး၊ ဗျူတီးဘလောဂါ ဝင်းမင်းသန်းကိုတော့ သူကျခံနေရတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅ -က နဲ့ ကျခံနေရတဲ့အမှုကို လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ ကြေညာပါတယ်။
သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်က ဗဟန်းမြို့နယ်က သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လူမင်းကိုတော့ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းမှာ စစ်တပ်က စစ်ကားတွေနဲ့လာရောက်ပြီး အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။
ဒါရိုက်တာ ဝိုင်းကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့နေအိမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ဖမ်းဆီးသွားခဲ့တာပါ။
လူငယ်သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကိုတော့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သူ့ ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၈ ရက် မနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က စစ်ကား ၈ စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၆ ရက်ည ၈ နာရီလောက်က တောင်ကြီးမြို့၊ BH ဟိုတယ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်ကတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။
လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်တို့ ပါဝင်လာခြင်း မရှိသေးပါဘူး။