စစ်ကောင်စီက အတည်ပြုဖို့ ပြင်ဆင်နေတဲ့ ဆိုက်ဘာဥပဒေက လူမှုကွန်ရက်ကို အခြေပြုပြီး ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေကို ရှင်သန်နိုင်မှုမရှိအောင် ရည်ရွယ်နေတာဖြစ်တယ်လို့ အွန်လိုင်းစီးပွားရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
တယ်လီဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN(Virtual Private Network) လို့ခေါ်တဲ့ စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ဖို့ ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့လည်း စစ်ကောင်စီက ပြင်ဆင်နေတာပါ။
ဒီဥပဒေမူကြမ်းမှာ VPN သုံးရင် ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် သိန်း ၅၀ အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ထည့်ထားတာပါ။
ဒါကြောင့် လူမှုကွန်ရက်ကို အခြေပြုပြီး ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ဆိုက်ဘာဥပဒေ ကြောင့် လုပ်ငန်းအခြေပျက်ဖို့ လမ်းစပေါ်ထွက်လာပြီလို့ အွန်လိုင်းစီးပွားရေးလုပ်ကိုင်နေသူတွေက ဆိုပါတယ်။
ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက “စီးပွားရေးက အခုလုပ်နေတဲ့သူ အကုန်လုံးပေါ့နော်။ (Facebook) လူမှုကွန်ရက်ကို အားကိုးနေရတာပဲလေ။ ကျနော် အပါအဝင်ပေါ့။ ကျနော့်ကုမ္ပဏီလည်း လူမှုကွန်ရက်စာမျက်နှာ (Facebook Page) ထောင်ထားတယ်။ VPN ခံပြီး မသုံးရဘူးဆိုရင် Facebook သုံးပြီး စီးပွားရေးလုပ်နေတဲ့သူတွေ အကုန်လုံး အကျပ်ရိုက်စေပြီး ထိခိုက်မှုရှိစေမှာ အသေအချာပဲ။ အခုက မြန်မာမုန့်မျိုးစုံကို ရောင်းတာတောင် online(အွန်လိုင်း) ပေါ်တင်ပြီး ရောင်းနေတာ။ ပြီးတော့ သင်္ဘောသီးထောင်း အစရှိတဲ့ စားစရာတွေကိုလည်း ဒီလိုပဲ အွန်လိုင်းပေါ်က စျေးရောင်းနေတာနော်။ ကားတွေ၊ အိမ်ခြံမြေ စသဖြင့် လုပ်ငန်းကြီးတွေပေါ့။ ဒါတွေ အားလုံးကလည်း အွန်လိုင်းပေါ်ကပဲ ရောင်းနေတာလေ။ ဆိုတော့ ဒီသက်ရောက်မှုက online shopping လုပ်နေတဲ့ လုပ်ငန်း အသေးလေးကအစ အကြီးကြီးအထိ အကုန်လုံးထိမှာပါ။ ပြီးတော့ ကျနော့်အတွေ့အကြုံအရပေါ့၊ ကျနော်က လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက တိုကျိုမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာက လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက online shopping ကနေ စျေးဝယ်နေကြပြီနော်။ ကျနော်တို့ နိုင်ငံက စတာမှ ၄နှစ်၊ ၅ နှစ် လောက်ပဲ ရှိသေးတယ်လို့ ကျနော် ထင်တယ်။ ဒီတော့ သေချာတယ်၊ သူများနိုင်ငံက လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက online ကစျေးရောင်းနေတဲ့ အခြေအနေမှာ ကျနော်တို့က အခုလို ကန့်သတ်မှုတွေ လုပ်လိုက်မယ်ဆိုရင် အသေအချာပဲ၊ ကျနော်တို့က နှစ် ၅၀ နောက်ပိုင်းကို ပြန်ရောက်သွားမှာဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တနိုင်တပိုင် စားသောက်ကုန်ရောင်းချနေတဲ့သူတဦးကလည်း “ကျမတို့က ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချိတ်ဆက်ပြီး ဒေသထွက်ကုန်လေးတွေကို ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ပြီး ရောင်းချနေတာပါ။ ဒါက ကိုယ့်မိသားစု စားဝတ်နေရေးအတွက် လုပ်နေတာလေ။ ဒါကို တားမြစ်ရအောင် သူတို့နဲ့ ဘယ်လို ပတ်သက်နေလို့လဲ။ ကဲ ဒါဆို အွန်လိုင်းကနေ အရောင်းအဝယ်တွေ မလုပ်ကြနဲ့ဆိုတော့ တော်လှန်ရေးပဲ အားလုံးလုပ်ကြဆိုတဲ့ သဘောလား” လို့ဆိုပါ တယ်။
ဥပဒေရေးရာကျွမ်းကျင်သူတဦးရဲ့ အမြင်ကတော့ “သူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌတဦး ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ သူ့အနေနဲ့က အာဏာယူထားတဲ့ သူတဦး ဖြစ်တဲ့အတွက် ဥပဒေတွေကို လိုသလို ထုတ်ပစ်နေတာပဲလေ။ ဒါက အာဏာဆက်လက်ယူထားတဲ့သူ တယောက်ဖြစ်တဲ့အတွက် ဥပဒေတွေ ထုတ်မယ်ဆိုရင် ထုတ်လို့တော့ ရတယ်ပေါ့။ ဒါပေမဲ့ သူ ထုတ်တဲ့ ဥပဒေတွေက အမြဲတမ်းခိုင်မြဲနေမယ်လို့ ပြောလို့တော့ မရဘူးနော်။ လွှတ်တော် ပေါ်ပေါက်တဲ့ အခြေအနေမျိုး၊ ဒီမိုကရေစီအစိုးရလက်ထက်မှာ တင်ထား၊ ပြုထားတဲ့ ဥပဒေတွေတောင် စကစက ဖျက်ပစ်တာမျိုး ရှိတာပဲလေ။ ဆိုတော့ ကျနော် နားလည်တာက ဥပဒေတရပ်ပြဋ္ဌာန်းတယ်ဆိုတာ ဒီဥပေဒဟာ ပြည်သူကို အကျိုးပြုနိုင်မယ့် ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေမျိုး ဖြစ်ရင်တော့ တည်တံ့ခိုင်မြဲတာပေါ့ဗျာ။ ပြည်သူကို ထိန်းချုပ်ဖို့အတွက် လုပ်ထားတဲ့ ဥပဒေဟာ အစိုးရတရပ်အတွက်သာ ဆိုရင်တော့ ဒီဥပဒေက ခိုင်မြဲဖို့ မသေချာဘူးနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက အင်တာနက်ပေါ်က သတင်းစီးဆင်းမှုတွေ ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့ ပိတ်ဆို့ ကြိုးပမ်းနေတာဖြစ်ပြီး အခုနောက်ဆုံး ဆိုက်ဘာဥပဒေ ပြဋ္ဌာန်းပြီး ထပ်မံတင်းကျပ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။