Home
မြန်မာသတင်း
သိန္နီမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦး စံချိန်တင် တွေ့ရှိ
DVB
·
August 26, 2021
240727096_926448141548793_2174180064532229764_n

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ သြဂုတ် ၂၅ ရက်က ကိုဗစ်-၁၉ သံသယလူနာ ၇၇ ဦးကို ရောဂါပိုးရှိမရှိ စစ်ဆေးရာက ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအပါအဝင် ကူးစက်ခံထားရသူ ၂၉ ဦး စံချိန်တင် ထပ်မံတွေ့ရှိခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ရောဂါကူးစက်ခံရ​တဲ့ အတည်ပြုလူနာနဲ့ သံသယ သေဆုံးသူ များပြားလာတဲ့အတွက် သြဂုတ် ၂၅ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံမှာ သံသယလူနာတွေကို ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးရာက သိန္နီမြို့နယ် ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ Oriental Highway Company Limited က ဝန်ထမ်း ၉ ဦး၊ အမှတ် ၁ ရပ်ကွက်က ၂ ဦး၊ အမှတ် ၃ ရပ်ကွက်က ၆ ဦး၊ အမှတ် ၄ ရပ်ကွက်က ၂ ဦး စုစုပေါင်း အတည်ပြုလူနာ ၂၉ ဦးကို ထပ်မံတွေ့ရှိခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင် ၁၀ ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရောဂါပိုးတွေ့ရှိထားပေမယ့် အများပြည်သူ ကြားသွားလာနေတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အတူ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသလို လူစည်းကားရာနေရာတွေမှာ ကျန်းမာရေးအကာအကွယ်မပါဘဲ အရပ်သားပုံစံ အသွင်ယူသွားလာနေသူတွေလို့ မြို့ခံတွေက ပြောပါတယ်။

"အခုထပ်မံပြီးပိုးတွေ့တဲ့ ရဲတွေက လူစည်းကားတဲ့နေရာတွေ လူစုလူဝေးနေရာတွေ အကုန်ရောက်နေတာ။ ကျနော်တို့မြို့​လေးကို ရောဂါပိုးလိုက်ဖြန့်နေတာလား မသိဘူး" လို့ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့ကနေ စတင်ပြီး ကိုဗစ်-၁၉  အတည်ပြုလူနာ ၁၅၂ ဦး၊ အတည်ပြုသေဆုံးသူ ၁ ဦးနဲ့ သံသယသေဆုံးသူ ၂၆ ဦးရှိပြီလို့ သိန္နိမြို့ခံ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013