ကမ္ဘာတဝန်းက အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်နိုင်သူတွေကို ထည့်သွင်းဖော်ပြထားတဲ့ ကမ္ဘာ့စံချိန်တွေပါဝင်တဲ့ ဂင်းနစ်မှတ်တမ်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်စာအုပ်ကို စက်တင်ဘာ ၁၂ ရက်က ထုတ်ဝေခဲ့ပါတယ်။
အဲ့ဒီစာအုပ်ထဲမှာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်သွားတိုက်တံအပါအဝင် ဆန်းပြားတဲ့ ယာဉ်တွေ တီထွင်မှုနဲ့ ဆယ်ကျော်သက်တယောက်ရဲ့ ကမ္ဘာ့အကြီးဆုံး လက်၊ ခြေထောက်တို့ကို စုစည်း ဖော်ပြမှုမှာပါဝင်ပါတယ်။
ဒီစာအုပ်မှာ ကမ္ဘာတဝန်း စံချိန် ၂၁၁၅ ခုပါဝင်ပြီး ၈၀ ရာခိုင်နှုန်းအသစ် ထည့်သွင်းထားတယ်လို့ ဂင်းနစ်အဖွဲ့က ဆိုပါတယ်။
အမေရိကန်က အသက် ၁၆ နှစ်အရွယ် အဲရစ်ကီဘန်းဟာ ဖိနပ်ဆိုက် ၂၃ စီးရတဲ့ ဆယ်ကျော်သက် တွေထဲမှာ ကမ္ဘာ့အကြီးဆုံး ခြေထောက်နဲ့ လက်ပိုင်ရှင်အဖြစ် ပါဝင်ပါတယ်။
နောက်တယောက်ကတော့ ဆန်းပြားတဲ့ မော်တော်ယာဉ်တွေအများဆုံးပိုင်ဆိုင်ထားတဲ့ အသက် ၆၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဆူဟာကာပဲဖြစ်ပါတယ်။
သူဟာ ခရစ်ကတ်ဘတ်တန်ပုံစံယာဉ်၊ စနူကာထိုးတဲ့ခုံပုံစံ ကားတွေကို ဖန်တီးစုဆောင်းထားသူ ဖြစ်ပါတယ်။ ဒီလို ဆန်းပြားတဲ့ ကားတွေဖန်တီးရတာကို ပျော်ရွှင်တယ်လို့ ဂင်းနစ်စံချိန်ရှင် ဆူဟာကာက ပြောပါတယ်။
“ကျနော့်ကားတွေအားလုံး ပြင်ဆင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။ ကားအားလုံး ဘီးတပ်ထားတဲ့ နေရာတွေ၊ ကိုယ်ထည်ပုံစံတွေက တခုနဲ့ တခု မတူတာက ကျနော့်အတွက် စိန်ခေါ်မှုပါ။ ကျနော်ကတော့ ဒီလို ဖန်တီးမှုတွေ လုပ်ရတာကို ပျော်ပါတယ်။ ဒီလို ဖန်တီးမှုတွေ ပြုလုပ်ရတာနဲ့ ပြီးဆုံးသွားတဲ့အချိန် ကိုယ်ဖန်တီးထားတာကို ပြန်ကြည့်ရတာက စိတ်လှုပ်ရှားစရာပါ။”
ဂင်းနစ်မှတ်တမ်းမှာပါဝင်တဲ့ ယူကေနိုင်ငံက အေမော့နဲ့ ရှောင်ဘရောင်းတို့ဟာ ၆ ပေကျော်မြင့်တဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်သွားတိုက်တံကို တီထွင်ခဲ့ပါတယ်။
သူတို့ ၂ ဦးဟာ YouTube Channel တခုပြုလုပ် ထားပြီး ကလေးတွေရဲ့ ဖန်တီးမှုတွေ အကြံပြုချက်တွေကို အကောင်အထည်ပေါ်တဲ့အစီအစဉ်တွေ ပြုလုပ်နေပါတယ်။
ဂင်းနစ်စံချိန်ရှင် အေမော့က “ကျမနဲ့ ကျမသူငယ်ချင်းရှောင်တို့ဟာ YouTube Channel တခု လုပ်ထားပြီး တီထွင်မှုအိုင်ဒီယာအသစ်တွေရဖို့ စီစဉ်ထားပါတယ်။ အသက် ၄ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေက သူတို့ရဲ့ အိုင်ဒီယာတွေ ပို့ပေးတာတွေ ရှိပါတယ်။ ကျမတို့က ဒီအိုင်ဒီယာတွေကို တကယ့်ပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်။ အသက် ၁၁ နှစ်အရွယ် ဂျော့က ကျမတို့ကို ကြီးမားတဲ့ လျှပ်စစ်သွားတိုက်တန်ကြီး တီထွင်ဖို့ အိုင်ဒီယာပေးခဲ့ပါတယ်။ သူ့အိုင်ဒီယာလေး ရတာနဲ့ ကျမတို့ လျှပ်စစ်သွားတိုက်တံအကြီးကြီး တည်ဆောက်ခဲ့တာပါ”လို့ ပြောပါတယ်။
ဂင်းနစ်မှတ်တမ်းထဲမှာ ဗြိတိန်က ခွေးတွေကို လေ့ကျင့်ပေးတဲ့ အော်ဂါလည်း ပါဝင်ပါတယ်။ အော်ဂါဟာ ဆင်ဘာနဲ့ ဘော်နီလို့ခေါ်တဲ့ ခွေး ၂ ကောင်ကို ခြေအိတ်တွေ ရွေးချယ်မှု ပြုလုပ်တတ်အောင်သင်ကြားပေးနိုင်သူဖြစ်ပြီး ဂင်းနစ်မှတ်တမ်း ၄ ခုရအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
ဂင်းနစ်မှတ်တမ်းထဲမှာ ၁၆ နှစ်အောက် မျက်လှည့်စရာ အိုကော်နာလည်း ပါဝင်ပါတယ်။ ၁ မိနစ်အတွင်း စံချိန်တင် မျက်လှည့်ပြနည်းတွေ အများဆုံးဖန်တီးနိုင်မှုက အိုကော်နာကို ဂင်းနစ်မှတ်တမ်းဝင်စေခဲ့တာပါ။
၁ မိနစ်အတွင်း Backside 540 ကို အကြိမ်ပေါင်း ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဂျပန်စကိတ်သမား ကာဝါကာမီလည်း ဂင်းနစ်မှတ်တမ်းမှာ ပါဝင်လာပါတယ်။
Source-Reuters